တစ်နေ့ က အသိ မိတ်ဆွေ ဒကာမ တစ်ဦးနဲ့ တစ်နာရီကျော် နှစ်နာရီ နီးပါး စကားပြောဖြစ်ပါတယ်။ သူက ကလေးနှစ်ယောက် အမေ အိမ်ထောင် သည် တစ်ယောက်ပါ။ သူ့မိဘနှစ်ပါးလုံး လည်း သူနဲ့ အတူနေပါ တယ်။
သူက သူ့မိဘတွေ နဲ့ ပတ်သက်ပြီးတော့ သူ အနှစ်နှစ် အလလ က ခံစားခဲ့ရ တာတွေကို မိမိကို ရင်ဖွင့်တဲ့ အနေနဲ့ ပြောပြပါတယ်။ မိမိ အမြင် အရ ဆိုရင်တော့ သူ့ မိဘတွေဟာ မိကောင်း ဖကောင်း စာရင်းထဲ ကို မှားပြီးတော့တောင် မပါနိုင် တဲ့ အမျိုးအစား ထဲမှာ ပါဝင်ပါတယ်။
သူက သူ့ မိဘတွေ ကို ကောင်းကောင်း မွန်မွန် ပြုစုစောင့်ရှောက် ပါတယ်။ ဒါကို သူလိမ်ပြီး ပြောတာ မဟုတ် ဘူး ဆိုတာ မိမိ အနေနဲ့ ယုံကြည်ပါတယ်။
သူ့ မိဘများ က သူတို့ ထားရာနေ စေရာသွား သူတို့ခိုင်း တဲ့ အတိုင်း တစ်သဝေ မတိမ်းလုပ် ဆိုတဲ့ ပုံစံနဲ့ သားသမီးတွေ ကို နေစေချင်ပါတယ်။ သူ့ကို မှ မဟုတ်ပါဘူး။ မွေးထားတဲ့ သားသမီး အားလုံးကို ပါပဲ။ သူက သူ့ မိဘတွေကို ဘယ်လောက်ပဲ ကောင်းကောင်း မွန်မွန် ပြုစုစောင့်ရှောက်ပါသော် လည်း တစ်ခါ တစ်ရံမှာ သူက သူတို့စကား အတိုင်း မပြုမူ မနေထိုင် တာနဲ့ တစ်ပြိုင်နက် ခုနစ်ရက် ခုနစ်လီ တဆူဆူ တပူပူ လုပ်လို့ မပြီးတော့ပါဘူး။ ဘာမှ မဟုတ်တဲ့ သေးသေး မွှားမွှား ကိစ္စလေး က အစပါပဲ။
သူက သူမွေး ထားတဲ့ ကလေးနှစ်ယောက် ကို မြန်မာစာ သင်ပေးချင် ပါတယ်။ ဒါပေမဲ့ သူ့မိဘ များက ကလေးတွေ ကို မြန်မာစာ သင်ခွင့် လုံးဝ မပြုပါဘူး။ မြန်မာစာ သင်ယူခွင့် မပြုလို့ လူမျိုးခြားလား ဆိုတော့ လည်း မဟုတ်ပါဘူး။ ဗမာ စစ်စစ်ကြီးတွေပါ။ အဲဒီလို ကိစ္စ ကနေ ဘာမှ မဟုတ်တဲ့ မီးဖိုချောင် ကိစ္စအထိ သူ့မိဘများ က ပါတတ် ပါတယ်။
သူ့ ညီမနဲ့ အစ်မ ကတော့ သူတို့ လုပ်သင့် လုပ်ထိုက် တာ လုပ်ကြပေမယ့် သူ ကတော့ တစ်အိမ် တည်း နေ ရတော့ နားပူ တာကြောင့် နားပူဒဏ် မခံနိုင် တာကြောင့် မိဘ များနဲ့ အတိုက် အခံ မလုပ် ပါဘူးတဲ့။ အကယ် ၍ များ လုပ်မိရင် လည်း “နင်တို့တွေ က မိဘကျေးဇူးကန်းတယ်။ ဒုက္ခကောင်းကောင်းဖြစ်လိမ့်မယ်” ဆိုတဲ့ စကားနဲ့ပဲ ကိုင်ပေါက်တတ် ပါတယ်တဲ့။ အံ့ချီးဖွယ်ရာ မိဘတွေပါပဲ။
ဒါကြောင့် မိဘကျေးဇူး၊ ကျေးဇူးကန်းခြင်း တို့နဲ့ ပတ်သက်ပြီးတော့ ပြောပြချင် တာလေးတွေ ဖြစ်လာပါတယ်။
မိဘကျေးဇူး တရား ဆိုတာ မိဘ များရဲ့ တာဝန် ဝတ္တရား ကို ကျေပွန်ကြတဲ့ မိဘ နဲ့ နေလာ ရတဲ့ သား သမီးတွေ အတွက်တော့ အထူးပြောနေဖွယ်ရာ မလိုပါဘူး။
မိဘ ဝတ္တရား မကျေပွန်ကြတဲ့ မိဘ ဝတ္တရားကို နည်းနည်းလေးတောင် မှ မကျေပွန် တဲ့ မိဘ နဲ့ ကြီးပျင်း လာကြ ရတဲ့ သားသမီးတွေ အတွက် ကျတော့ မိဘကျေးဇူးဆိုတာနဲ့ ပတ်သက်လာရင် လက်မခံနိုင်စရာတွေ ရှိပါတယ်။
ဘုရားရှင် က အင်္ဂုတ္တိုရ် ပါဠိတော် ဒုကနိပါတ် ပထမ ပဏ္ဏာသ သမစိတ္တဝဂ် မှာ မိဘကျေးဇူး နဲ့ ပတ် သက် ပြီးတော့ ဟောကြား ထားပါတယ်။
ထိုဟောကြားချက်တွေ ထဲမှာ ဣမဿ လောကဿ ဒေဿတာရော-ဤလောကကြီး ကို မြင်တွေ့ခွင့်ပေးတယ် ဆိုတဲ့ အချက် ပါရှိပါတယ်။ ဆိုလို တာက မိဘ က မိဘဝတ္တရား မကျေပွန် ရင်တောင် မှ မွေးကျေးဇူး တစ်ခု နဲ့ တင် မိဘကျေးဇူး က ဆပ် မကုန်နိုင်လောက်အောင် များပြားကြီးမားတယ် ဆိုတဲ့ သဘောဖြစ်ပါတယ်။
မိဘတွေ က မွေးထုတ်လိုက် လို့သာ သားသမီးတွေ က နှစ်သက်ဖွယ်၊ မနှစ်သက်ဖွယ်တွေ နဲ့ ပြည့်နှက်နေတဲ့ ဒီလောကကြီး ကို တွေ့မြင်ခွင့် ရရှိတာကြောင့် မွေးကျေးဇူး ဆိုတာ ဆပ်ဖို့ အင်မတန် ခက်ခဲ ပါသတဲ့။ သို့သော် လည်း မိဘ ဝတ္တရား မကျေပွန် ကြတဲ့ မိဆိုး ဖဆိုးတွေ နဲ့ ကြီးပြင်း လာကြရတဲ့ သားသမီးတွေ အတွက် ကျတော့ မွေးကျေးဇူး ဆိုတာကို နားလည် လက်ခံပေးဖို့ အင်မတန် ခက်ခဲနေပါလိမ့်မယ်။
မိဘတွေ က ကိုယ်ဝန် သန္ဓေသား ကို ဖျက်ချလိုက်မယ်၊ မွေးမွေးပြီးချင်း ကလေးငယ် ကို တောင်ထိပ် ကနေ ပစ်ချလိုက်မယ်၊ ခွေးလို သားရဲ တိရစ္ဆာန်တွေ ကို အစာ အဖြစ် ကျွေးမွေးလိုက်မယ် ဆိုရင် ကလေးငယ်ဖြစ် သူဟာ ဒီလောကကြီး ကို မြင်တွေ့ခွင့်ရမှာ မဟုတ်ဘူး။ ဒီလောကကြီး ထဲမှာ ဘဝ တစ်ခုကို ထူထောင်ခွင့် ရတော့မှာ မဟုတ်ပါဘူး။
ကိုယ်ဝန် သန္ဓေသား ကို ဖျက် မချတဲ့ မိဘ၊ မွေးမွေးပြီးချင်း ကလေးငယ် ကို သတ် မပစ်တဲ့ မိဘက အနည်း ဆုံးတော့ ကလေးငယ် ကို နို့ချိုရည် တိုက်ကျွေးခြင်း စတဲ့ ကိစ္စတွေကို ပြုလုပ်မှာ ဖြစ်ပါတယ်။ မိဘ ဝတ္တရား မကျေပွန်ဘူး ဆိုပေမယ့် ကျေးဇူးတရား ကတော့ ရှိတာပါပဲ။ နည်းတာ နဲ့ များတာပဲ ကွာခြားသွားမယ် ထင်ပါ တယ်။
မိဘကျေးဇူး ဆိုတာ သားသမီးအပေါ် မှာ နည်းတာနဲ့ များတာပဲ ကွာပါတယ်။ ကျေးဇူးတရား ကတော့ သေချာပေါက် ရှိ ပါတယ်။ ဒီလောက် ဆိုရင် မိဘကျေးဇူး နဲ့ ပတ်သက်လို့ နားလည်လောက်ပြီလို့ ထင်ပါတယ်။ အခု “နင်တို့တွေက မိဘကို ကျေးဇူးကန်း တယ်” ဆိုတဲ့ မိဘ တချို့ရဲ့ လက်သုံး စကားနဲ့ ပတ်သက်ပြီးတော့ ပြောပါဦးမယ်။
ကျေးဇူးတရား နဲ့ ပတ်သက်ပြီးတော့ သုတ္တနိပါတ် ပါဠိတော် မင်္ဂလ သုတ်တော်မှာ ဘုရားရှင် က ....
ကတညူ- မိမိ အပေါ်၌ ရှိသော သူ့ကျေးဇူးကို သိခြင်း၊
ကတဝေဒီ- မိမိအပေါ်၌ ရှိသော သူ့ကျေးဇူးကို စွမ်းနိုင်သော အခါ၌ ပြန်လည်ပေးဆပ်ခြင်း ဆိုပြီးတော့ အဆင့်နှစ်ဆင့် ခွဲပြီးတော့ ဟောကြားတော်မူခဲ့ပါတယ်။
ပထမအဆင့်ဖြစ်တဲ့ ကတညူ သဘောတရား အနေ နဲ့ မိဘ အပါအဝင် သူတစ်ဦး တစ်ယောက်က မိမိအပေါ် ကူညီစောင့်ရှောက်ပေး ထားတဲ့ ကျေးဇူး တရား အနည်း အများ အားလုံးကို ကိုယ့်ရဲ့ရင်ထဲနှလုံး သားထဲ အသိဉာဏ် ထဲကနေ “သူ့ကျေးဇူးတရားတွေ ငါ့အပေါ် မှာ ရှိတယ်။ သူက ငါ့ရဲ့ကျေးဇူးရှင် ပဲ” ဆိုတဲ့ စိတ်နေ သဘောထားကို ကိန်းအောင်း ထားရပါ့မယ်။ သူ့ကို ကိုယ့်ရဲ့ကျေးဇူးရှင် အဖြစ် အသိအမှတ်ပြုရပါမယ်။
အကယ်၍ ကိုယ့်ကျေးဇူးရှင် ဒုက္ခဖြစ်နေ တယ်၊ အကူအညီ လိုနေတယ်။ ကိုယ်ကလည်း သူ့ဒုက္ခကို ဖြေ ရှင်းပေးနိုင် တယ်၊ သူ့ကို ကူညီပေးနိုင်တယ် ဆိုရင် သူ့ အခက်အခဲ ကို ကူညီဖြေရှင်းပေးရပါ့မယ်။
အကယ်၍ ကိုယ့်ကျေးဇူးရှင် ကလည်း ဒုက္ခဖြစ်နေတယ်၊ အခက်အခဲတွေ ကို ရင်ဆိုင်နေရတယ်။ ကိုယ့် မှာလည်း ကူညီဖြေရှင်းပေးနိုင် တဲ့ အနေ အထားလည်း မရှိဘူးဆိုရင် “ငါ့ကျေးဇူးရှင် ဒုက္ခဖြစ်နေတယ်။ ငါ ကလည်း ဆွမ်းတော် ထားလို့ ဝမ်းတော်တောင် အနိုင်နိုင် မို့ ကူညီပေးဖြေရှင်းမပေးနိုင်ဘူး။ နောင်အခါ သူလည်း ဒုက္ခရောက်နေတယ်၊ ငါကလည်း သူ့ဒုက္ခကို ကူညီဖြေရှင်းပေးနိုင်တယ် ဆိုရင် ငါကျေးဇူးဆပ်တဲ့ အနေနဲ့ ကူညီပေးဖြေရှင်းပေးရမယ်” ဆိုတဲ့ စိတ်နေသဘောထား ရှိရပါ့မယ်။
ကိုယ့်ကျေးဇူးရှင် လို့လည်း ရင်ထဲနှလုံးသား ထဲ အသိဉာဏ်ထဲ ကနေ အသိ အမှတ်ပြုထားတယ်။ ကိုယ့်ကျေးဇူးရှင် ဒုက္ခဖြစ် အခက်အခဲ တွေ့နေတာကို ကူညီဖြေရှင်းပေးချင်စိတ်လည်း ရှိတယ်။ ဒါပေမဲ့ ကိုယ့်မှာ ကူညီဖြေရှင်းပေးနိုင်တဲ့ အနေအထား စွမ်းအား မရှိလို့ ကူညီဖြေရှင်းမပေးတာ ဆိုရင် ကျေးဇူး ကန်းရာ မရောက်ဘူးလို့ ကျမ်းစာ များက ဆိုပါတယ်။
သူ့ကျေးဇူး ငါ့အပေါ် ဘာမှ မရှိဘူး လို့ နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ သူတစ်ဦး တစ်ယောက်ရဲ့ ကိုယ့် အပေါ် ရှိတဲ့ ကျေးဇူးတရား ကို အသိအမှတ် မပြုတာ၊ ကျေးဇူးရှင် ဒုက္ခဖြစ် အခက် အခဲ တွေ့နေတာကို ကူညီဖြေရှင်းပေးနိုင်တဲ့ အနေအထား စွမ်းအားတွေ ကိုယ့်မှာ ရှိနေပါရဲ့နဲ့ ကူညီဖြေရှင်း မပေးတာ ကမှ ကျေးဇူး ကန်းရာ ရောက်တယ်လို့ ကျမ်းစာ များက ဆိုပါတယ်။
ဒါကြောင့် “င့ါ မိဘကျေးဇူး ဆိုတာ ငါ့ အပေါ်မှာ ခြူးတစ်ပြား မှ မရှိဘူး။ ငါ့ အပေါ် ဘာကျေးဇူး မှ မရှိတဲ့ မိဘတွေ ကို ငါက ပြန်လည်ကျေးဇူးဆပ်နေစရာ မလိုဘူး” စသဖြင့် နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ မိဘတွေ ရဲ့ကျေးဇူး ကို ရင်ထဲနှ လုံးသားထဲ အသိဉာဏ်ထဲ ကနေ အသိအမှတ်လည်း မပြု၊ မိဘတွေရဲ့ အခက်အခဲ ဒုက္ခကို ကူညီဖြေရှင်းပေးနိုင်တဲ့ အနေအထား စွမ်းအား ရှိပါ ရဲ့နဲ့ ကူညီဖြေရှင်း မပေးမှသာ မိဘကျေးဇူးကန်း ရာ ရောက်ပါတယ်။
မိဘ စကား ကို တစ်သဝေ မတိမ်း လိုက်နာခြင်း မပြုတဲ့ သားသမီး ဟာ မိဘ ကို ကျေးဇူးကန်း တဲ့ သား သမီးဖြစ် တယ် ဆိုတဲ့ ဘုရားဟော မရှိပါဘူး။ မိဘ စကားတိုင်း ကို တစ်ခွန်း မကျန် နာခံမှ မိဘကို ကျေးဇူး ဆပ်ရာ ရောက်တယ် ဆိုတဲ့ ဘုရားဟော လည်း မရှိပါဘူး။
မိဘ စကားတိုင်း ကို တစ်သဝေ မတိမ်း လိုက်နာခြင်း မပြု လို့သာ မိဘ ကို ကျေးဇူးကန်းရာရောက်ရင် ဘုရား အလောင်းတော် သိဒ္ဓတ္ထ မင်းသားတောင် မိဘကျေးဇူးကန်းတဲ့သူ ဖြစ်သွား ပါလိမ့်မယ်။ ဘာကြောင့်လဲ ဆိုတော့ ဘုရား အလောင်းတော် သိဒ္ဓတ္ထ မင်းသား ကိုယ်တိုင် မိဘစကားတိုင်း ကို တစ်သဝေ မတိမ်း လိုက်နာခြင်း မပြုခဲ့လို့ပါပဲ။
ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသား ဘဝမှာတင် မက ဇနက မင်းသား ဘဝ မှာပါ မိဘ စကားကို ဘုရား အလောင်းတော် တစ်သဝေ မတိမ်း လိုက်နာခြင်း မပြု ခဲ့ပါဘူး။
မိဘ စကားသာ တစ်သဝေ မတိမ်း လိုက်နာ ခဲ့ရင် ဘုရားအလောင်းတော် သိဒ္ဓတ္ထ မင်းသား သဗ္ဗညုဘုရား အဖြစ် ကို ရောက်ရှိ ရရှိတော့မှာ မဟုတ်ပါဘူး။ မိဘ စကားသာ တစ်ခွန်း မကျန် နာခံခဲ့မယ် ဆိုရင် ဘုရား အလောင်းတော် ဇနက မင်းသား ဘုရင်ဘဝ ကို ရောက်ရှိမှာ မဟုတ်ပါဘူး။
လူသားတိုင်း က မိမိနှစ်သက်ရာ ဘဝ ပိုမိုကောင်းမွန် ရာ ဘဝ ကို ရွေးချယ် ပိုင်ခွင့် ရှိပါတယ်။ အဲဒီလို ရွေး ချယ်တဲ့ အခါမှာ မိဘ နဲ့ အတိုက် အခံ လုပ်သင့်ရင် လည်း လုပ်ရမှာ ပါပဲ။ အဲဒီ လို မိဘ နဲ့ အတိုက်အခံလုပ်တဲ့ အတွက်ကြောင့် မိဘကျေးဇူးကန်းရာ မရောက်ပါဘူး။
ဘုရားအလောင်း သိဒ္ဓတ္ထ မင်းသား တောထွက်ခန်း ကို လေ့လာဖတ်ရှုလိုက်မယ် ဆိုရင် ဘုရား အလောင်းတော် သိဒ္ဓတ္ထ မင်းသားဟာ မိဘ ကို ဘယ်လောက်တောင် ဆန့်ကျင်ခဲ့ သလဲဆိုတာ ပေါ်လွင် ထင်ရှားပါတယ်။
ကိုယ့်စကား ကို တစ်သဝေ မတိမ်း တစ်ခွန်း မကျန် လိုက်နာခြင်း မရှိဘဲ လိုက်နာ သင့်တာ လိုက်နာ မလိုက်နာ သင့်တာကို ဆန့်ကျင်ဘက်ပြုတဲ့ သားသမီး ကို “နင်တို့ က မိဘကျေးဇူးကန်းတယ်” လို့ ပြောဆိုတဲ့ မိဘ ဟာ မိဘ မပီသတဲ့ မိဘ၊ မိဘကောင်း မဟုတ်တဲ့ မိဘ သာ ဖြစ်ပါတယ်။
မိဘ ပီသ တဲ့ မိဘ၊ မိဘကောင်း ပီသ တဲ့ မိဘ က သားသမီး ကို ရွေးချယ်ပိုင်ခွင့် ပေးပါတယ်။ သား သမီးတွေ ရွေးချယ် မှု မမှားယွင်းရအောင် သာ ပဲ့ထိန်းပေးပါတယ်။ မိဘ ပီသတဲ့ မိဘ က ငါ့စကားကို ငါ့သားသမီး က တစ်ခွန်း မကျန် နာခံရမယ် ဆိုတဲ့ အတ္တကြီးမားတဲ့ စိတ်နေ သဘောထား မထားရှိပါဘူး။
အချုပ်အားဖြင့် ပြောချင် တာက မိဘ စကားကို တစ်သဝေ မတိမ်း တစ်ခွန်း မကျန် လိုက်နာခြင်း မပြုတဲ့ သားသမီး ဟာ မိဘကျေးဇူးကန်း တဲ့ သားသမီးဖြစ်တယ် ဆိုတဲ့ ဘုရားဟော မရှိပါဘူး။ မိဘ စကားကို တစ်သဝေ မတိမ်း တစ်ခွန်းမကျန် လိုက်နာပေးတဲ့ သားသမီး ဟာ မိဘကျေးဇူး ကို ဆပ်တဲ့ သားသမီးဖြစ် တယ် ဆိုတဲ့ ဘုရား ဟောလည်း မရှိပါဘူး။
မိဘစကား ဆိုပေမယ့် လိုက်နာ သင့်တာ လိုက်နာပြီးတော့ မလိုက်နာ သင့်တာ ကိုလည်း ဆန့်ကျင်နိုင် ပါ တယ်။ မိဘ စကား ဆိုပေမယ့် လည်း လိုက်နာသင့် တာမှ လိုက်နာရပါမယ်။ မိမိနှစ်သက်တဲ့ ဘဝ ပိုမိုကောင်း မွန်တဲ့ ဘဝကို သားသမီးတွေ အနေ နဲ့ မိဘ နဲ့ ဆန့်ကျင်ဘက် လုပ်ပြီးတော့ လည်း ရွေးချယ်နိုင်ပါ တယ်။
အရေးကြီး တာက ကိုယ်ရွေးချယ် လိုက်တဲ့ ဘဝ က ဒုစရိုက်မှုတွေ ပြုလုပ်ရတဲ့ ဘဝ ဖြစ် မနေဖို့ပါပဲ။ ကိုယ်ကျင့် တရားကို ချနင်းနေရတဲ့ ဘဝ မဖြစ်ဖို့ပါပဲ။
မိုးသု (မန္တလေး)
From... http://www.searchmyanmar.com/link/frame/cid/50235
No comments:
Post a Comment