Friday, November 4, 2016

မြန်မာ့ စီးပွားရေး




ဗြိတိသျှ ဘုရင်မကြီးက “ရှင်တို့ စီးပွားရေး ပညာရှင်ကြီးတွေ စီးပွားရေး အကြပ်အတည်း ဖြစ်မယ် ဆိုတာ ကြိုပြီး မပြောနိုင်ဘူး လား” ဟု အလွန်ကျော်ကြားသောမေးခွန်း တစ်ခုကို မေးခဲ့ဖူးပါသည်။ Economic Crisis ခေါ် စီးပွားရေး ကပ်ဆိုက်ခြင်း ဆိုသည်မှာ ကြိုတင်၍မြင်နိုင်သော အရာမဟုတ်ပါ။ အကြောင်းပေါင်းများစွာ စုပေါင်း၍ စီးပွားရေး အခက်အခဲ များကို ကြုံခဲ့ကြ ရာ ထိုအဖြစ်အပျက်များ ပြီးသွားမှသာဖြစ်ရခြင်းအကြောင်း ကို ဝေဖန်စစ်ဆေးကြရပါသည်။

နိုင်ငံစီးပွားရေး ဆိုသည်မှာလည်း တစ်နိုင်ငံလုံးရှိ စီးပွားရေး လုပ်ငန်းရှင် ကုန်သည် အပေါင်းတို့၏ လုပ်ငန်းပေါင်းစုံ ပါဝင် ပတ်သက်နေပြန်ရာ ပန်းချီကားကြီး တစ်ချပ်လို အနီးကြည့် အဝေးကြည့် ကြည့်ကြရသည်များလည်း ရှိပါသည်။ လူပေါင်းစုံ ပညာရှင် ပေါင်းစုံတို့တွင် မိမိရှုဒေါင့်ကိုလိုက်၍ အမြင်အယူအဆ အမျိုးမျိုးရှိနိုင်ကြပါသည်

သို့ပါသော်လည်း ဗဟို ဦးစီးစနစ် Command Economy ဆိုသည်မှာ ယနေ့ခေတ်နှင့် မကိုက် မဆီလျော်တော့ပါ၊ ဈေးကွက်စီး ပွားရေး စနစ်သည်သာ ပြည်သူ အပေါင်းကို ဆင်းရဲတွင်းနစ်နေခြင်းမှ ကယ်တင် လွတ်မြောက်စေနိုင်မည်။ ဈေးကွက် စီးပွားရေး စနစ်အောင်မြင်စေရန် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ ရှင်သန်တိုးတက်နေစေရမည်။ ၎င်းတို့၏ ပစ္စည်း ဥစ္စာပိုင်ဆိုင်မှု အတွက် ခိုင်မာစေသော ဥပဒေများ ရှိရမည်၊ ဂလိုဘယ် လိုက်ဇေးရှင်း ခေါ် ကမ္ဘာ့နိုင်ငံစုံနှင့် ကူးလူး ဆက်ဆံပြီး တံခါးဖွင့် ဝါဒကို ကျင့် သုံးရမည် ဆိုသော အချက် များမှာ မှားရန် အကြောင်းမရှိ၊ သေချာလှပါသည်။ တိုးတက်လာသော နိုင်ငံပေါင်းများစွာ၏ ဖွံ့ဖြိုး တိုးတက် လာပုံကို လေ့လာလျင် ထိုအချက်များကို ထင်ထင်ရှားရှား တွေ့မြင်နိုင်ကြပါသည်။

ကျွန်တော်တို့ ပတ်ဝန်းကျင်တွင် စင်ကာပူနိုင်ငံမှ အစပြုပြီး အိန္ဒိယ၊ တရုတ်ပြည်၊ ဗီယက်နမ် စသည်ဖြင့် နိုင်ငံ အသီးသီးတွင် စီးပွားရေး ပြုပြင်ပြောင်းလဲမှုလုပ်ငန်းများကြောင့် ချမ်းသာကြွယ်ဝသော လူနေမှု အဆင့်အတန်း မြင့်မားသောနိုင်ငံများ ဖြစ် လာကြပုံကို တွေ့မြင်နိုင်ကြပါသည်။

စင်ကာပူနိုင်ငံသည် လွတ်လပ်ရေး ရချိန်က စီးပွားရေး လုပ်ငန်းဟူ၍ မယ်မယ်ရရ မရှိ၊ တစ်ချိန်က တံငါ သည် များ စုပေါင်းနေ ထိုင်ကြရာ ရွာကြီး သာသာဖြစ်ခဲ့သည်။ ယခုအခါ တတိယ ကမ္ဘာနိုင်ငံ မဟုတ်တော့ဘဲ ဒေသတစ်ဝိုက်တွင် အချမ်းသာဆုံး ပထမကမ္ဘာ မှ နိုင်ငံတစ်ခုဖြစ်နေပါပြီ။

တရုတ်နိုင်ငံသည် ကွန်မြူနစ်တော်လှန်ရေး ကာလ ပြည်တွင်း စစ်ကြောင့်လည်းကောင်း၊ ယဉ်ကျေးမှုတော်လှန်ရေး၏ ပေါ်လ စီ အမှားများကြောင့်လည်းကောင်း၊ ပြည်သူများ ဆင်းရဲတွင်းနစ်ခဲ့ကြရာတွင် ၁၉၇၈ ခုနှစ်ဝန်းကျင်မှ စ၍ ဝန်ကြီးချုပ်ဟောင်း တိန်ရှောင်ဖိန် ၏ ဗဟိုမှ ဦးစီးသည့် စီးပွားရေး စနစ်အစား၊ ဈေးကွက်စီးပွားရေးစနစ် အဖြစ် ပြောင်းလဲရမည် ဟူသော မူဝါဒဖြင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို စတင်လုပ်ဆောင်ခဲ့ပါသည်။ 

နှစ်ပေါင်း ၃ဝ အတွင်း တရုတ်ပြည်သည် စီးပွားရေး၊ စစ် ရေး ကုန်ထုတ်လုပ်ရေး အဖက်ဖက် မှ အင်အားကြီးနိုင်ငံ တစ်ခု ဖြစ်လာခဲ့ပါသည်။ ပြည်သူလူထု သန်းပေါင်းများစွာကို ဆင်းရဲ တွင်းမှ လွတ်စေနိုင်ခဲ့ပြီး လူစီးလေယာဉ်ပျံတွေကို ပြည်တွင်း မှာပင် ထုတ်လုပ်နိုင်သည့် အဆင့်အထိ ရောက်ရှိလာပါသည်။ စီး ပွားရေးတွင် အမေရိကန်ကို ယှဉ်ပြိုင်နိုင်သည့် အင်အားကြီးနိုင်ငံတစ်ခုဖြစ်လာပါသည်။

အိန္ဒိယနိုင်ငံတွင် လွတ်လပ်ရေးရအပြီး ဝန်ကြီးချုပ် နေရူးခေတ်မှ စ၍ ဆိုရှယ်လစ် စီးပွားရေးစနစ်ကို နိုင်ငံတော် အစိုးရက ဦး ဆောင်ပြီး တည်ဆောက်ရမည် ဆိုသော မူဝါဒမှာ ဘာကိုမှဆောင်ကျဉ်းမပေးနိုင်ခဲ့ပေ။ ၁၉၉၁ ခု နာရာဆင်မာရောင်း ၏ လက်ထက်မှ စတင်ပြီး နောင် ဝန်ကြီးချုပ်ဖြစ်လာမည့် မာမိုဟန်ဆင်း က ဘဏ္ဍာရေးဝန်ကြီး အဖြစ်နှင့် ပြုပြင်ရေး လုပ်ငန်းများ စတင်ခဲ့ပါသည်။

သွင်းကုန် ကန့်သတ်ချက်များကို ဖြေလျှော့ပေးခဲ့သည်။ အကောက်ခွန်နှုန်းကို လျှော့ပေးပြီး နိုင်ငံခြားရင်း နှီးမြှုတ်နှံမှု များကို ခွင့်ပြုခဲ့သည်။ ဝန်ကြီးချုပ် မိုဒီ တက်လာပြီးချိန်တွင် ကမ္ဘာ့ထိပ်တန်းနိုင်ငံကြီးအဖြစ်သို့ ရောက်နိုင် ရန် မျှော်လင့်လာနိုင်ခဲ့ပါသည်။ အိန္ဒိယ ၏ ဆော့ (ဖ) ဝဲ ကုမ္ပဏီကြီးများမှာ အမေရိကန် တို့၏လက်စွဲဖြစ် လာပြီး စက်မှုပစ္စည်း ထုတ်လုပ်ရေးတွင်လည်း ရှေ့တန်းသို့ ရောက်ရှိလာနေပါသည်။

ကွန်မြူနစ် ဗီယက်နမ်နိုင်ငံကို ကြည့်လျင်လည်း စစ်ပွဲ အမျိုးမျိုးဖြင့် ချွတ်ခြုံကျနေသည့်နိုင်ငံကို ၁၉၈၆ ခုနှစ်  တွင် တိုးတက် သော အမြင်ရှိသည့် ကွန်မြူနစ်ခေါင်းဆောင်ကြီးများက ဦးဆောင်ပြီး နိုင်ငံ၏ ဖွဲ့စည်းပုံဥပဒေကို ပြင်ဆင်ကာ ဈေးကွက် စီးပွား ရေး စနစ်ကို ထူထောင်ကြမည်ဟု ဆုံးဖြတ်ခဲ့ကြပါသည်။

နိုင်ငံ၏ စီးပွားရေးအောင်မြင်မှုများမှာ တစ်ချိန်တွင် ဂျီဒီပီ တိုးတက်မှုမှာ ကမ္ဘာ့တွင် အမြင့်ဆုံးနိုင်ငံ ဖြစ်လာခဲ့ပါသည်။ အာရှ ၏ ချမ်းသာသောနိုင်ငံတစ်ခုဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံ ကပင် ဗီယက်နမ် ဆန် ကိုရောင်းချပါရန် တောင်းပန်ခဲ့ရပါသည်။ ၁၂ နိုင်ငံ ပါဝင်သော TPP- Trans-Pacific Partnership ပစိဖိတ် ကုန်သွယ်မှု စာချုပ် တရားဝင်ဖြစ်လာချိန်တွင် ကုန်သွယ်ရေးမှာ တိုးတက် လာပြီး ပိုမို ချမ်းသာကြွယ်ဝလာမည်ဟု ခန့်မှန်းကြပါသည်။

ဤသည်မှာ နိုင်ငံခြား ရင်းနှီးမြှပ်နှံမူ ဝင်ရောက်လာခြင်း၊ အစိုးရ၏ ချုပ်ကိုင်မှုကိုဖြေလျှော့ပေးခြင်းနှင့် အတူ ဂလိုဘယ်လိုက် ဇေးရှင်း ဖော်မြူလာ များဖြင့် ကြီးပွား တိုးတက်သွားရခြင်း၏ ဥပမာများဖြစ်ပါသည်။

ကျွန်တော်တို့ နိုင်ငံတွင်လည်း စီးပွားရေး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို မလုပ်ခဲ့ခြင်း မဟုတ်ပါ။ ဗဟိုဦးစီး စနစ်၊ စီမံကိန်း စီးပွားရေး စနစ်၊ ဆိုရှယ်လစ် စီးပွားရေး စနစ်အောင်မြင်ရန် မျှော်လင့်ချက် မရှိတော့ဘူးဟု သေချာချိန်မှ စ၍ အုပ်ချုပ်သော အစိုးရများက ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြပါ သည်။



၁၉၈ရ ခုနှစ်တွင် အစိုးရက ဆန်ရောင်းဝယ်မှု ထိမ်းချုပ်ထားခြင်းကို ရုတ်သိမ်းပေးခဲ့သည်။ ပုဂ္ဂလိက များမှ နိုင် ငံခြားသို့ ဆန် တင်ပို့ခွင့်ကိုမူ ပိတ်လိုက် ဖွင့်လိုက် ဖြစ်နေခဲ့သည်။ ၁၉၈၈ ခုနှစ်မှ စ၍ နိုင်ငံခြားနှင့် ကုန်သွယ် မှုကို ဖွင့်ပေးခဲ့သည်။ နယ်ခြား ကုန်သွယ်ရေး Border Trade စခန်းများပေါ်လာခဲ့သည်။

၁၉၉ဝ ခုနှစ်တွင် နိုင်ငံခြားသား ခရီးသည် လုပ်ငန်း ဥပဒေများပေါ်လာသည်။ ၁၉၉၁ ခုနှစ်တွင် အိမ်တွင်း စက် မှု လက်မှု လုပ် ငန်းများကိုခွင့်ပြုသော ဥပဒေ၊ ၁၉၉၂ ခုနှစ်တွင် နိုင်ငံပိုင် စက်ရုံများကို ပုဂ္ဂလိက သို့ လွှဲပြောင်းပေးရေး ဆိုင်ရာ ဥပဒေနှင့် အတူ ပုဂ္ဂလိက ဘဏ် (၄) ခု ကို လိုင်စင် ချပေးခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် နိုင်ငံခြားဘဏ် များ၏ ရုံးခွဲများ ဖွင့်လှစ်ခွင့်ပေးခဲ့သည်။

ဤ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများမှာ နိုင်ငံ၏ စီးပွားရေး တိုးတက်မှုအတွက် လိုအပ်သော ဥပဒေများ ဖြစ်ကြ ပါသည်။ စီးပွား ရေးကို လေယာဉ်ပျံကြီးနှင့်နှိုင်း၍ ဘယ်အချိန် ပျံတက်မှာလဲဟု စောင့်မျှော်ခဲ့ကြပါသည်။ သို့ပါသော်လည်း ကျွန်တော်တို့၏ စီးပွားရေး အခြေအနေမှာ ပြည်သူတို့၏ ဆင်းရဲမွဲတေမှုကို ကုစားနိုင်ဘို့ဝေးစွ၊ တိုးတက်မှု အရိပ်အရောင်ကိုပင် မမြင်ရဘဲ ဖြစ်နေခဲ့သည်။ အိမ်နီးခြင်းနိုင်ငံများ၏ အခြေ အနေနှင့် ယှဉ် ကြည့်ပါလျင် လိုက်မှီရန် အလွန် ခက်ခဲနေပါသည်။

ထို့ကြောင့် မေးစရာဖြစ်လာသည်မှာ ထိုဥပဒေများပြဌာန်းပြီးဖြစ်ပါလျက် အဘယ့်ကြောင့် တိုးတက်မှုကို မတွေ့ ရပါသလဲ ဟူ သော မေးခွန်းဖြစ်ပါသည်။ နောင်ပေါ်လစီရေးဆွဲသူများ အတွက် ဥပဒေများပြဌာန်းရုံဖြင့် စီးပွားရေး တိုးတက်လာခြင်း မဟုတ် ဆိုသော အချက် ကိုထည့်သွင်းစဉ်းစားရန်ပင်ဖြစ်လာပါသည်။

နိုင်ငံတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မရှိရခြင်းအတွက် အကြောင်းပေါင်းများစွာ တို့တွင် တိုင်းပြည်တွင်း၌ စီးပွားရေး လုပ်ငန်း များအောင်မြင် နိုင်ရန် အခြေအနေ မရှိခြင်းကို တွေ့မြင်နိုင်ပါသည်။ နည်းဥပဒေများ မှာ ရှုတ်ထွေးပြီး ကြိုးနီ စနစ်နှင့် လာဘ်ပေး လာဘ်ယူ ကိစ္စများမှာ ရှိနေဆဲပင်ဖြစ်ပြီး အစိုးရ ဝန်ထမ်းအများစုမှာ စီပွားရေး လုပ်ငန်းများ အောင်မြင်စေရေးအတွက် ဝိုင်းဝန်း ကူညီရမည် ဆိုသော အမြင်မရှိကြသေးပါ။

အထက်ကဖေါ်ပြခဲ့သော နိုင်ငံ အသီးသီးတွင် တွေ့ကြုံရသော အခက်အခဲနှင့်ပြဿ      နာများဖြေရှင်းကြပုံကို လွယ်ကူစွာ ရှာဖွေ တွေ့ရှိနိုင်ကြပါသည်။ သင်ခန်းစာ ယူနိုင်ကြပါသည်။ နိုင်ငံတော် အစိုးရ အနေဖြင့် ရက် ၁ဝဝ စီမံချက်မှာ အားရဘွယ် တိုး တက်မှု မရှိရခြင်း အကြောင်းကို ကမ္ဘာတစ်လွှား နေရာ အသီးသီးမှ ဝေ ဖန်သံများကို ကြားကြရပါသည်။ ယခုအချိန်သည် စီးပွား ရေး အတွက် တာဝန်ရှိသူများနှင့် ပညာရှင်များ    စုပေါင်း အဖြေရှာပြီး ရှေ့ဆက်ရမည့် ခရီးအတွက် ပြုပြင်၊ ပြင်ဆင် ဖြည့်စွက် ရမည့်အကြောင်းအရာများကို ဆွေးနွေး (Brain Storm) နေကြရမည့် အချိန်ဖြစ်ပါသည်။

ကျွန်တော်တို့မှာ ဒီမိုကရေစီ အစိုးရသစ် ၏ အောင်မြင်မှုများကို တွေ့မြင်လိုသည်နှင့် အတူ နှစ်ရှည်လများ ဒုက္ခ သုက္ခ များကို ခါးစည်း ခံနေကြရသော ပြည်သူလူထု အတွက် ကောင်းမွန်သော ပတ်ဝန်းကျင်အခြေ အနေများကို ဖန်တီးပေးနိုင်သည်ကို လည်း တွေ့မြင်လိုပါသည်။ အစိုးရက စီးပွားရေး လုပ်ငန်းများ အောင်မြင် တိုးတက်ရေး အတွက် လိုအပ်သော အခြေခံ အ ဆောက်အဦး Infra structure များကို ဖန်တီးပေးရန်သာလိုပါသည်။

မြေနေရာ၊ အဆောက်အဦး၊ လျှပ်စစ်နှင့် ရေ၊ ရေဆိုး မြောင်း စသည့် လိုအပ်ချက်များကို ဖန်တီးပေးရပါမည်၊ အစိုးရ ရုံးများမှ ကြိုးနီ စနစ်နှင့် စီးပွားရေး လုပ်ငန်းအတွက် အနှောင့် အယှက်များကို ဖယ်ရှားပေးရပါမည်။

ယနေ့ ကြုံတွေ့နေရသည့် ပြဿ       နာများကို အစိုးရနှင့် ပေါ်လစီရေးဆွဲသူများ ကသာဖြေရှင်းပေးနိုင်ကြပါ သည်။ အဖြေသည် အစိုးရ အဖွဲ့မှ လာရပါမည်၊ မြန်မာပြည်သူလူထု အနေဖြင့်မူ ပွင့်လန်း လာမည့် အခွင့်အရေးသစ်များကို စောင့်မျှော်ရုံသာ တတ်နိုင်ကြပါသည်။

အကယ်၍ ဗြိတိသျှ ဘုရင်မကြီးက “ရှင်တို့နိုင်ငံ ဘာလို့ ဆင်းရဲနေရတာလဲ” ဟု ယခုမေးလာလျင် ပြည့်ပြည့်စုံစုံ အ ကြောင်းပြချက်များဖြင့် ဖြေဆိုနိုင်ရန် မရှိပါ။ မြန်မာပြည်သည် တစ်နေ့ ကမ္ဘာ့ အဆင့်မှီ ပထမတန်းစားနိုင်ငံ ဖြစ်လာသည့် အချိန် ရောက်မှသာ ကျွန်တော်တို့ ဆင်းရဲခဲ့ရခြင်း အကြောင်းရင်းများကို ပြည့်ပြည့်စုံစုံဖြေဆိုနိုင်ပါလိမ့်မည်။

ကိုသန်းလွင်

http://blog.moemaka.com/

No comments:

Post a Comment