ကျနော့် ငယ်နာမည် "ဘိုနီ" အနေနှင့် ကျောင်းစနေခဲ့ သော်လည်း အမျိုးသား ကျောင်းသို့ ပြောင်းသော အခါ ဇာတာ နာမည် အတိုင်း " ဖေသိန်း " ဖြစ်လာ ပါသည်။
မြူနီစီပါယ် ကျောင်းသည် အင်္ဂလိပ် အစိုးရ၏ အုပ်ချုပ်မှု လက်အောက်တွင် ရှိ၍ အမျိုးသားကျောင်းမှာ မြန်မာ အမျိုးသား တို့၏ ကိုယ်ပိုင် ဖြစ်ပြီး နယ်ချဲ့ စနစ်ကို ဆန့်ကျင်သော ကျောင်း ဖြစ်ပါသည်။ မြူနီ စီပါယ် ကျောင်းတုန်းက "God Saves The King" ဗြိတိသျှ ဘုရင် ဧကရာဇ် မင်းမြတ်၏ ဘုန်းတော်ဘွဲ့ သီချင်း ကို မြန်မာလို "ကော်ပီ" သီဆို ခဲ့ရသည်။ အမျိုးသားကျောင်း ရောက်လာ သောအခါ …....
"အရှေ့က နေ၀န်း ထွက်သည့် ပမာ ပ၊ တို့ခေတ်ကိုတော့ ရောက်မည်မှာ မလွဲပါ၊ တို့ … ဗမာ" ဟု အစချီပြီး ….
"ကမ္ဘာ မကြေ၊ ဗမာတွေ၊ ဒါတို့ပြေ ဒါတို့မြေ ဒါငါတို့ပြေ" ဟူသော အမျိုးသား သီချင်းကို သီဆို ကြရသည်။
သီချင်း ဆိုလျှင် မထစ်သော ကျနော့် အဖို့ အမျိုးသား သီချင်း ကို အားမာန် အပြည့်နှင့် သီဆို ရသည်မှာ ကြက်သီး မွှေးညင်းပင် ထပါသည်။
ကျောင်းဆရာကြီးမှာ ဦးရွှေကျော် ဖြစ်၏။ ကျနော် တက်ရသော အတန်းမှာ (Special Class) ဖြစ်၍ အင်္ဂလိပ်စာ ကိုသာ အဓိက သင်ကြား ပါသည်။ အတန်းပိုင် ဆရာမှာ ဦးသိန်းဖေ ဖြစ်ပါသည်။ ဤတွင် ဆရာ "သိန်းဖေ" နှင့် တပည့် "ဖေသိန်း" တို့ တွေ့ကြလေပြီ။ ထိုစဉ်က ကျောင်းတိုင်းတွင် ကျောင်းသားများ "စကောက်" အဖွဲ့ (Boy's Scout) ၀င်ရ၏။ သို့သော် ဆရာကြီး ဦးရွှေကျော် သည် ပင်နီဘွိုင်း (Pinni Boys) ပင်နီတပ် ကို ဖွဲ့စည်း ပါသည်။
ဆရာကြီး ဦးရွှေကျော် သည် ပင်နီဘွိုင်း ကျောင်းသား များအား ကာကီ ယူနီဖောင်း ကို ဆန့်ကျင်၍ ပင်နီ ယူနီဖောင်း ကို ၀တ်ဆင် စေပါသည်။ ဆရာကြီး သည် အိုင်ယာလန် နိုင်ငံမှ အင်္ဂလိပ် ကို ဆန့်ကျင်သော အ၀ါရောင် လူငယ်တပ် (Yellow Boys) ကို နမူနာ ယူခြင်း ဖြစ်သည်ဟု ဆို၏။
ကျနော်သည်ပင် ပင်နီဘွိုင်း ဘင်ခရာ အဖွဲ့တွင် ဘေးစောင်း ပလွေ မှုတ်ရသူ ဖြစ်၍ အမျိုးသား သီချင်း၊ စစ်ချီသီချင်း၊ တီးမှုတ်ရသည်။ အမျိုးသား အောင်ပွဲနေ့ သည် ကျနော် တို့ "ပင်နီဘွိုင်း" တပ် ၏ စိတ်ဓာတ် အတက် ကြွ ဆုံးနေ့ ဖြစ်ပါသည်။ တစ်ကျောင်းလုံး၏ ၀တ်စုံမှာ လုံချည်စိမ်းနှင့် ပင်နီ အင်္ကျီဖြစ်၏။
"ပင်နီဘွိုင်း" တပ်၏ ခေါင်းဆောင် တပ်မှူးး မှာ ဆရာ ဦးသိန်းဖေ ဖြစ်ပါသည်။ သူသည် ယခင် က (Scout Master) စကောက် နည်းပြ ဆရာ ဖြစ်ခဲ့သောကြောင့် "ပင်နီဘွိုင်း" တပ်ဖွဲ့ကို ကိုင်တွယ်ရာတွင် ကျွမ်းကျင် လှသည်။ ဆရာ သည် နေ့စဉ် ကျောင်းတက်ရာတွင် ပင်နီ ယူနီဖောင်း (ဘောင်းဘီတိုနှင့်) အမြဲ တက်ပါ သည်။ ကျနော် သည် ဆရာ ဦးသိန်းဖေ ၏ (Special Class) သို့ ရောက်ပြီး မကြာမီပင် ၊ ဆရာ (သိန်းဖေ) နှင့် တပည့် (ဖေသိန်း) တို့ ရင်ဆိုင် တွေ့ခြင်း ဖြစ်ပါသည်။
(သိန်းဖေ) နှင့် (ဖေသိန်း) ဟူသော အမည် များမှာ ဗေဒင် သဘော အရ ကက်ကင်း ဓာတ်ပြန် ဖြစ်၍၊ ဓာတ် ချင်း မတည့် ဟု ဆို၏။ အရပ်စကား အရ ပြောရလျှင် "ဖင်ပြန်၊ ခေါင်းပြန်" နာမည်များ ဖြစ်သည်။ သူဖြူ လျှင် ငါမည်း၊ သူမည်း လျှင် ငါဖြူ ဓာတ်ချင်း မတူဟု ဆိုကြမည်။
မည်သို့ပင် ဖြစ်စေ ဆရာ သိန်းဖေနှင့် ဖေသိန်း တွေ့ကြပုံမှာကား အင်္ဂလိပ်စာ အချိန်တွင် ဆရာ ဦးသိန်းဖေသည် ကျောင်းသားများအား အင်္ဂလိပ်ဖတ်စာ ကို ထဖတ် ခိုင်း၏။ တစ်ယာက်ပြီး တစ်ယောက် ဖတ်ပြပြီးနောက်၊ ကျနော့် အလှည့် ရောက်သောအခါ ထစ်နေ ပါတော့သည်။ ထိုအခါ ဦးသိန်းဖေ သည် ချက်ချင်းပင် အမိန့် ပေးလိုက်၏။
"ဖေသိန်း ရှေ့ထွက်ခဲ့၊ စာအုပ်ပါ ယူခဲ့"
ကျနော်သည် ဆရာ့ရှေ့ ရပ်ရမည်ကို အလွန် ကြောက်ပါသည်။ သို့သော် ကြောက်ကြောက်နှင့် အတန်းရှေ့ ထွက်ခဲ့ ပြီး ဆရာ့ရှေ့ ရပ်လိုက်၏။ ဆရာ ဘာဆက်လုပ်မည် မသိ။ အတန်းသား အားလုံး ကျနော့်ကို ကြည့်နေကြ လေပြီ။ ဆရာ ဦးသိန်းဖေ သည် ဖေသိန်း အား တစ်လုံးချင်း အမိန့် ပေးပါသည်။
"ကိုယ်ကို တည့်တည့် မတ်မတ် ရပ်"
"အသက် ၀အောင် ပြင်းပြင်း ရှုလိုက်"
"ပြီးတော့ အသက် ကို မှန်မှန် ဆက်ရှု"
"ဟုတ်ပြီ၊ ညာ ခြေထောက်ကို ရှေ့နည်းနည်း ထုတ်လိုက်"
ထိုအခါ အတန်းသား အားလုံး ကျနော့်အား စိတ်ဝင်စား နေကြသည်။ ဆရာသည် ကျနော့်အား ဆက်၍ အမိန့် ပေး ပါသည်။
"ခြေဖနောင့်ကို ထောင်ထား ဟုတ်ပြီ"
"ပြီးတော့ စာအုပ်ကို မျက်နှာ ရှေ့တည့်တည့် ဖွင့်ထား၊ စာအုပ်ကို ကြည့်ပြီး အသက် မှန်မှန်ရှု"
"ဖနောင့် ထောင်ထားတာကို မမေ့နဲ့"
"ကဲ … စာတစ်လုံးချင်း ဖြည်းဖြည်း ဖတ်စမ်း"
ကျနော်လည်း ဆရာ့ အမိန့် အတိုင်း လိုက်နာ လုပ်ဆောင်ကာ စာတစ်လုံးချင်း ဖတ်ပါသည်။ ဖတ်စ တွင် ထစ်သော် လည်း အရှိန် ရလာသောအခါ ထစ်ခြင်း မှာ ကျဲကျဲ သွားပါသည်။ တစ်ပုဒ် ဆုံးသွားသော အခါ ဘယ်ဘက် ခြေဖနောင့် ကို ထောင်၍ ဖတ်စေပါသည်။ ဤနည်း အတိုင်း ခြေဖနောင့် ဘယ်ညာ ပြောင်း၍ ထောင် ပြီး ထွက်သက် ၀င်သက် မှန်မှန် ရှု၍ ဖတ်ရပါသည်။
"အေး ဟုတ်ပြီ။ နောင် စာဖတ်ရင် ဒီအတိုင်း ဖတ်ပါ ။ ကဲ သွားနိုင်ပြီ"
ဆရာ ဦးသိန်းဖေ သည် ဖေသိန်း အား စကား မထစ်အောင် ကုစား ပေးလိုက် ပါသည်။ ဤဖြစ်ရပ် သည် ကျနော့် တစ်သက် မမေ့နိုင်သော ဖြစ်ရပ် ဖြစ်ပါသည်။ "သိန်းဖေ" နှင့် "ဖေသိန်း" ဟူသော အမည် မှာ ကက်ကင်း ဓာတ်ဖြစ်၍ မတည့် ဟု ဆိုခြင်းမှာ ဤနေရာ၌ မှားနေပြီ။ ဆရာ "သိန်းဖေ" နှင့် တပည့် "ဖေသိန်း" တို့ အဖို့ကား "အကွက် အကွင်း" မိ၍ ဓာတ်တည့်ပါ ၏ တစ်ကား။ ဆရာ့မေတ္တာ စေတနာကား ကြီးမားလှပါဘိ။
ဆရာသည် ကျောင်းသား လူငယ်များအား ပြုစု ပျိုးထောင် ပေးရာတွင် "စိတ် ပညာ" ကို အသုံးပြု ပါသည်။ စာအသင် အပြသာ မဟုတ်၊ ပင်နီဘွိုင်း နည်းပြ ဆရာ၊ ကာယနှင့် အားကစား နည်းပြ ဆရာ အဖြစ်လည်း ကျွမ်းကျင်ပါသည်။ ဆရာ ဦးသိန်းဖေ ကား ဘက်စုံ ဆရာပင်။ ကျနော် (၇) တန်း ရောက်သောအခါ ဆရာ ဦးသိန်းဖေ ကား မမျှော်လင့်ဘဲ အပြင်းဖျား၍ အသက် (၄၀) ကျော်ခန့် တွင် ကွယ်လွန် သွားရှာသည်။
ပုသိမ် အမျိုးသားကျောင်း "ပင်နီဘွိုင်း" တပ် ကို မော်ကွန်း တင်လိုက်ပါသည်။ ပင်နီဘွိုင်း ကျောင်းသားများ သည် အမျိုးသား စိတ်ဓာတ်နှင့် ရဲစိတ် ရဲမာန် တက်ကြွပါသည်။ ထို့ကြောင့်ပင် အင်္ဂလိပ် နယ်ချဲ့တော်လှန်ရေး၊ ဂျပန် ဖက်ဆစ် တော်လှန်ရေး တို့တွင် ပါဝင်ကြသည်။
တစ်ချို့ တိုက်ပွဲတွင် ကျဆုံး ခဲ့ကြ၏။ တစ်ချို့ တပ်မတော် စတင် ဖွဲ့စည်းစဉ်ကပင် ပါဝင် ခဲ့ကြသည်။ တစ်ချို့ ယနေ့တိုင် သက်ရှိ ထင်ရှား ရှိနေကြသေးသည်။ အသက် (၇၀) ပတ်ဝန်းကျင် ရှိနေကြပြီ။
ကာတွန်း ဖေသိန်း
Written by မောက္ခ (၀တ္တုတို)
No comments:
Post a Comment