Tuesday, September 20, 2016

ကြယ်စင်သစ် နှင့် ကောင်းကင်ပြာ



ကျမ က အတွေးသမား ဆိုတော့ ငယ်ငယ်ကဆို နယ်နိမိတ် မရှိ အဆုံးအစ မရှိတဲ့ ကောင်းကင် ကိုငေးမောရင်း တွေးနေရတာကို သဘောကျတယ်။ အဲဒါကိုက လွတ်လပ်ခြင်း တစ်မျိုးပဲ။ အခုကျတော့ ကောင်းကင်ကို ကြည့်မိရင် အတွေး ဆိုတာထက် မေးခွန်းတွေက များသည်ထက်များလာတယ်။

ဒီကောင်း ကင်ကြီးရဲ့  အောက်မှာပဲ လူသား အားလုံး နေထိုင် ကြပြီးတော့ ဘာ့ကြောင့် မတူ ကွဲပြား မှုတွေ ဖြစ်နေရ တာလဲ။ ပိုဆိုးတာက တစ်မိုး အောက်မှာ ရှိတဲ့ မိသားစုတွေ ဘာ့ကြောင့် နှစ်ရှည်လ များ မဆုံတွေ့ နိုင် ဖြစ်ရတာလဲ။ မွေးရပ် မြေကို ပြန်လို့ မရအောင် ဘယ်သူတွေက မိုးကုတ်စက်ဝိုင်းကို နယ်နမိတ် မျဉ်းဆွဲလိုက်သလဲ။

ဒီလိုမျိုးမေးခွန်းတွေကို တွေးလိုက်မိရင် ကောင်းကင် မမြင်ရတဲ့ ကိုယ့်ရဲ့ အခန်းကျဉ်းထဲကို ၀င်ပြီး အတွေးစကို ရပ်ချင်စိတ်ပေါ်လာတယ်။ ဒီ အပြုအမှုဟာ ကိုယ့်ရဲ့ လွတ်လပ်ခြင်းကို ရိုက်ချိုး မိတာလား။ ဒါမှမဟုတ်ကိုယ့် အတွေးရဲ့ စိန်ခေါ်မှု အပေါ် ရင်မဆိုင်ရဲလို့ ရင့်ကျက်မှု မရှိသေးလို့ပဲ ဖြစ်မယ်။ ဒီတော့ ကိုယ့်မေးခွန်းကို ကိုယ်ရင်ဆိုင်ဖြေရှင်းနိုင်ရမယ်။

ကိုယ် ကိုယ်တိုင်လည်း ကျောင်းဆရာမ ဆိုတော့ နေ့တိုင်း ကလေးတွေရဲ့ အခက်အခဲကို ဖြေရှင်းပေးနေရတယ်။ ဒီလိုဖြေရှင်းတဲ့နေရာမှာ အချို့ ကျတော့ ဖြေရှင်းလို့ ရပေမဲ့ အချို့ပြဿ        နာကျတော့ ဖြေရှင်း လို့မရ ညှိနှိုင်းလို့မရ စိတ်မကောင်းစွာနဲ့ လက်လျှော့ရတာတွေရှိတယ်။

ကျမတို့ ကျောင်းကလေးက အခြေခံပညာ မူလတန်း အဆင့်ထိ ပဲရှိတယ်။ ကျောင်းကနေ လေးတန်း အောင်ရင် အထက်တန်း ကျောင်းကို ပို့ပေးမယ်။ (၂၀၀၅) ခုနှစ်မှာ စပြီးကျောင်းမှာ အခမဲ့ ပညာရေး စနစ်ကို ကျင့်သုံးတယ်။ ဒီ စနစ်ကြောင့်ရယ် ကျောင်းခန်းနေရာ အခက်အခဲကြောင့် ကျောင်းသားဦးရေ ကိုလည်း (၁၂၀)လောက် ပဲ ကန့်သတ်ထားရတယ်။ ကျောင်းရှိ ကလေး အများစုက အရမ်းကို ချို့တဲ့တော့ မူလတန်းအောင်ပြီး ကျောင်ကြီး ဆက်တက်ချင်တဲ့ ကလေးဆို ကျောင်းကပဲ သူတို့ကျောင်းစရိတ်တွေကို ဆက်ထောက်ပံ့ပေးသွားတယ်။

ကျောင်းသား မိဘတွေဘက်က သားသမီးပညာရေးကို အားပေးရုံ တစ်ခုပဲ ဘာပိုက်ဆံမှ မကုန်ဘူး။ သို့သော်လည်း ကလေးတွေကပညာရေးကို ဘာကြောင့် ဆုံးခန်းတိုင်အောင် မတက်နိုင်ကြတာလဲ။ ကလေးတွေရဲ့ စိတ်ထဲမှာပဲ `ငါတို့ (၁၀) တန်းအောင်လည်း ငါတို့ အတွက် ဒီနယ်မြေမှာ တက္ကသိုလ် မရှိဘူး။ တွေ့ရာအလုပ်ပဲ လုပ်ရမှာပဲ´ ဆိုတဲ့ အတွေးတွေ ၀င်နေလို့လား။ မိဘတွေကပဲ ပညာရေးရေချိန် နိမ့်ပြီး သူတို့ဘ၀ ရဲ့အနာဂတ် ကို မစဉ်းစား နိုင်လို့လား။

ကျမပြောရင် ယုံမလား မသိဘူး။ ကျမတို့ ပညာသင်ထောက်ပံ့ကြေးပေးထားတဲ့ ကလေးတွေ (၉)ယောက် ရှိတယ်။ သူတို့အားလုံး ဆယ်ကျော်သက်တွေပဲ၊ သူတို့အားလုံး ပန်းရံ လုပ်တတ်တယ်။ ကောက်စိုက်၊ ပဲရိတ် စပါးရိတ် တတ်တယ်။ တံငါ အလုပ်ကို ကျွမ်းကျင်စွာ လုပ်တတ်တယ်။ ဒါတွေဟာ သူတို့ရဲ့ဘ၀ပေး အတတ် ပညာတွေပဲ။ 

ဒီ အတတ်ပညာတွေနဲ့ စာသင်ကျောင်းက ရတဲ့ အသိပညာ ဗဟုသုတ၊ လူမှု့ ပတ်ဝန်းကျင်က ရတဲ့ အတွေ့ အကြုံ။ မိဘဆရာသမား တို့ရဲ့သွန်သင် ဆုံးမမှုအောက်မှာ ပညာရေးသာ ဆုံးခန်းတိုင်အောင် သင်ယူ သွားမယ် ဆိုရင် တစ်ချိန်မှာ လူမှု့အဖွဲ့အစည်းအတွက် ထွန်းလင်းတဲ့ကြယ်ပွင့်လေးတွေဖြစ်ရမယ်လို့ ကျွမက မျှော်လင့်ထားတာ။

ပြီးခဲ့တဲ့ စာသင်နှစ်က (၆) တန်းကျောင်းသား တစ်ယောက် မမျှော်လင့်ပဲ ကျောင်းထွက်သွားတယ်။ ဒီကလေးက ကျောင်းမှာ ရှိတုန်းကဆို သိပ် အားထားရတဲ့ ကလေးပဲ။ ကျောင်းပေါင်းစုံ စာစီစာကုံးပြိုင်မလား အနိမ့်ဆုံး အဆင့် နှစ်သိမ့်ဆုတော့ ရခဲ့တာပဲ။ ပန်းချီ ပြိုင်မလား ဒုတိယ ဆုတော့ ၀င်ခဲ့တာပဲ။ သို့သော်လည်း မိဘတွေရဲ့ စီးပွားရေး အကြပ်အတည်းကြောင့် မိဘနဲ့ အတူ ပန်းရံ လုပ်နေရပြီ။

သူတို့ကျောင်းက ဆရာတွေ ကလည်း ကျောင်းပြန် တက်ဖို့ ဖိအားပေးနေပြီ။ ကျမ ကိုယ်တိုင်ကလည်း ကလေး ကိုလည်း ဆုံးမ၊ မိဘ ကိုလည်း စည်းရုံးပြီး နိုင်သလောက်ထောက်ပံ့တဲ့ကြားထဲက ကလေး ကို ကလေးလုပ်သား ဘ၀က မကယ်ထုတ်နိုင်ခဲ့ဘူး။ ကျမ သိလိုက်ပြီ။ `စာတော်တဲ့ ကလေးတိုင်း ပညာတတ်မဖြစ်နိုင်သလို၊ ပညာတတ်ဖြစ်ခဲ့တဲ့ သူတိုင်းလည်း စာမတတ်ခဲ့ကြဘူး´ဆိုတဲ့ အသိ။



ဒီကလေး အနာဂတ်မဲ့သွားတဲ့ ကိစ္စ၊ မိဘတွေ ရဲ့စားဝတ်နေရေး ပြဿ     နာ တွေဟာ  ကျမတယောက်ထဲဖြေရှင်းပေးလို့ ရတဲ့ကိစ္စ မဟုတ်ဘူး။ ကိုယ့်တိုင်းပြည် ရှိရဲ့နဲ့ ဘာ့ကြောင့် နယ်စပ် ဒေသတွေမှာ တရားမ၀င်နေထိုင် ရတာလဲ။ ဒီရွှေ့ပြောင်းဒေသမှာလည်း ကျမတို့လို ပညာရေး လုပ်သားတွေ ဖွင့်ထားတဲ့ စာသင်ကျောင်းတွေ ရှိရဲ့နဲ့ ဘာ့ကြောင့်ကလေးတိုင်း စာသင်ကျောင်းမရောက်ကြတာလဲ။

ဒီနှစ်စာသင်နှစ်ရောက်တော့လည်း ကျမတို့ ပညာသင် စရိတ်ထောက်ပံ့ထားတဲ့ ကလေးတွေကို ကျောင်းအပ် ပေးဖို့ စီစဉ်နေတုန်း (၇) တန်းကျောင်းသူရဲ့အမေ က သူမမှာ အကြွေးအနည်းငယ် ရှိလို့ သမီးဖြစ်သူကို ဘုန်းကြီး ကျောင်းမှာ သန့်ရှင်းရေး အလုပ် တလ (၁၀၀၀) ဘတ် နဲ့ အလုပ်သွင်းလိုက်ပြီတဲ့။ အကြွေးဘယ်လောက် ရှိလဲလို့ မေးတော့ ဘတ် (၅၀၀၀) တဲ့။ (၃၀၀၀) ဆပ်ပြီးပြိတဲ့ ကျန်ငွေ ဘတ် (၂၀၀၀) ကို ဆရာမ ဆပ်ပေးရင် ကလေးလည်း ကျောင်းပြန်တက်လို့ရမယ်တဲ့။

သူမ စကားက ကျမ အတွက်စိန်ခေါ်မှုတစ်ခုပဲ။ ကျမ ဘယ်လို ပုံစံနဲ့ ဖြေရှင်းပေးရင် ကောင်းမလဲ ကျမတို့နှစ်ယောက်မှာ တူညီတဲ့ အချက်က စစ်အာဏာရှင် စနစ်ဆိုးအောက်မှာ ကြီးပြင်းလာကြတဲ့ သူတွေပဲ၊ သို့သော်လည်း ကျမ ကတော့ အာဏာရှင် ရဲ့မတရားမှုတွေကို တွန်းလှန်တဲ့သူ၊ မျိုးဆက်သစ်တွေကို နိုင်ငံ ရဲ့သားကောင်း ရတနာဖြစ်အောင် လမ်းညွှန်ပေးတဲ့သူ ဒါဆိုရင် ကျမ သူပြောသလို ငွေ(၂၀၀၀) ပေးရ မလား။

 ဘတ် (၂၀၀၀) ထက် မကတန်ဖိုးရှိပြီး သူမသာ မက သူမ ရဲ့မျိုးဆက်တွေ သူမ ရဲ့ပတ်ဝန်းကျင် ကို လက်ဆင့် ကမ်းပေးနိုင်တဲ့ အတွေး အခေါ်၊ ကြံ့ကြံ့ခံနိုင်တဲ့ စိတ်ဓါတ်၊ ပြဿ       နာရဲ့ဇစ်မြစ် ကို စဉ်းစား၍ ဖြေရှင်းနည်းပါ သဘောပေါက်အောင် ကျမပြောပြရတော့မယ်။

ညနေစောင်းလောက်မှ သူမ ရဲ့နေအိမ် ကို သွားလည်လိုက်တယ်။ `အမရယ် ဒီနယ်စပ်ကို ရောက်လာကြတဲ့ ကျမတို့ အားလုံးဟာ ဘ၀တူတွေပါ။ အဆင်ပြေတဲ့သူ၊ ပျော်တဲ့သူ ဆိုတာ မရှိကြပါဘူး။ လူတိုင်းမှာ အကြွေးမရှိ တောင် ပြဿ       နာကိုယ်စီ၊ အပူ   ကိုယ်စီတော့ ရှိကြတာပါပဲ။ ကျမတို့ အမိမြေမှာ တရားမျှတမှု မရှိသေးသ၍ လူထုဟာ နင်းပြားပါပဲ။

အမ သမီးလေးကို ကျောင်းထုတ်လိုက်လို့လည်း မိသားစု ဘ၀ကြီးက ပြောင်းလဲ သွားမှာ တဲ့လား။ နောက်သုံးနှစ်ကျောင်း ဆက်ထားလိုက်ရင် ကလေးရဲ့အလုပ်အကိုင်ရော၊ ပတ်ဝန်းကျင်ပါ ပြောင်းသွားမှာ။ တစ်ဆက်ထဲ အစ်မတို့ မိသားစုပါ ပြောင်းလဲသွားမယ်။ မောင်နှမတွေလည်း အားကျပြီး စာကြိုး စားချင်စိတ်တွေဖြစ်လာမှာပါ အမရယ်´´ကျောင်းသူလေး ကတော့ ကျမပြောတာကို နားထောင်ပြီး မျက်လုံး တွေတောက်ပလာတယ်။ မိခင်ဖြစ်သူကတော့ လက်ရှိ အကြွေးနဲ့ နောင် အနာဂတ်ကိစ္စ ကို စဉ်းစားနေပုံပဲ။

အပြန်လမ်း တစ်လျှောက်မှာ ကျမ ရဲ့ဝါသနာ အတိုင်း ကောင်းကင်ကိုကြည့်ပြီးတွေးနေစဉ် လပေါ်မှာ နတ်သမီး လေးတစ်ပါးပေါ်လာတယ်။ သူမကတော့ အမိမြန်မာနိုင်ငံတော်ပေါ့။ သူမလည်း လရောင်အောက်က ကျမ ရဲ့ လှုပ်ရှားမှုတွေကို တွေ့နေမှာပေါ့။ ကျမကိုနွေးထွေးစွာပြုံးပြတယ်။

ကျမ ကတော့ လွမ်းဆွတ်စွာ ပြန်ကြည့် မိတယ်။ နောက်နှစ်ယောက်သား အပြုံးချင်း ဖလှယ်လိုက်ကြတယ်။ ကျမတို့ချင်း နားလည်တဲ့ ဘာသာစကား နဲ့ သူမ ကျမကို လှမ်းပြောနေတယ်။ အဲဒါကတော့ သူမလည်းပဲ ကြယ်စင်သစ်တွေ ကို ကြိုဆိုနေတယ်တဲ့လေ။

Written by ရွှေဟင်္သာ
http://www.maukkha.org/index.php/book-store/short-stories/386-2010-04-14-12-00-30

No comments:

Post a Comment