(၁)
မြူတို့ရစ်ဆိုင်းနေသည်။ ဆိတ်ဖလူး ရနံ့ တစ်ချို့က ထိုင်နေသော လဖက်ရည် ဆိုင်လေး နံဘေး လူးလား ရှက်ပြေးနေ၏။ ချမ်းစိမ့် လေပြည် များက ကျွန်တော့်  မျက်နှာပေါ် ဝေ့ကနဲ ၊ဝေ့ကနဲ။ အရိုး ထိအောင် ချမ်းနေသော်လည်း ကျွန်တော် မမှု နိုင် ။သူမ ကို မတွေ့ရ မချင်း မထ ဟု စဉ်းစားထားမိသည်။
လဖက်ရည်ဆိုင် က ဖွင့်ကာ စမို့ ကျရည် ကြို တုံး။ ကျွန်တော် လည်း ရေနွေး ပူပူ ကိုသာ ငှဲ့ ရင်းေ၇ှ့ တူရှူ မှ မိုးမခ လမ်း ထိပ်ကို မျော်တငေးငေး ကြည့်နေမိသည်။ ထို အရာသည်ပင် ကျွန်တော့် မျော်လင့်ချက် မီးလင်း ဖိုဖြစ်သလို၊ ကျွန်တော် ၏ မနက်ခင်း တစ်ခု လည်းဖြစ်ပါသည်။
ဆောင်း..။ ကျွန်တော် နိုးထ ခဲ့ရသော မနက် ခင်း များ၏ ပန်း တစ်ပွင့်၊ ကျွန်တော် မက်ခဲ့သော အိပ်မက် များ၏ သရုပ်ဆောင် မင်းသမီး။ ကျွန်တော့် မျော်လင့်ချက်များ၏ ဘူတာရုံ ။ ဆောင်း သည် ကျွန်တော်နှလုံး သား ကို တုတ်တုတ်မျှ မလှုပ်နိုင်အောင် ချိန်ထားသော ချွန်မြအောင် သွေးထားသည့် ဓါး တစ်လက် ဆိုလျှင် မမှားပါ။
ဆောင်း ဆိုသည်မှာ ကျွန်တော် မနက်ခင်းတိုင်း ၊ည သန်းခေါင်ယံ အချိန်တိုင်း သည် အားမာန် လဖက်ရည် ဆိုင် ကလေးမှ ငေးကြည့် ရင်ခုန်နေခဲ့ရသော ကောင်မလေးဖြစ်ပါသည်။ ရင်ခုန် သည်ဟု ဆိုခြင်း ထက် မေ့ ရန် ခက်သော၊ မတွေးပဲ မစိုးရိမ်ပဲ မနေနိုင်အောင် တပ်မက် မိသောသူ ဆိုလျှင်ပိုမှန်ပါလိမ့်မည်။
ဆောင်း ကို ကျွန်တော် (ဘယ်သူ မှ မသိအောင်) တိတ်တခိုး ချစ်မိနေသည်မှာ ယခုဆို လေးလ၊ ၁၀ ရက် နဲ့ ၄ နာရီ တိုင်ခဲ့ပြီ ဖြစ်ပါသည်။ တစ်ဖက်သတ် ဆိုသည်မှာ တစ်ဖက် တည်း သေဆုံး တက်သည့် အရာ တစ်ခု ဖြစ်လင့် ကစား ကျွန်တော် ကတော့ မျော်လင့်သည်။ ဖြူစင်စွာ ချစ်မည်။ ဆောင်းသည် ကျွန်တော့် နတ်သမီးလေး ဟု တင်စားမည် ဆိုပါက လွန်မည် မထင်တော့ပါ။
ကျွန်တော့် အတွေး မဆုံးခင်မှာပဲ မိုးမခ လမ်းထိပ် သို့ ဟွန်ဒါ ဖစ် အနက်ရောင် ကားတစ်စင်း ထိုးဆိုက်သည် ။ ဆင်းလာသူက ကျွန်တော် မျော်နေသော ဆောင်း။ ဆောင်း ၏ လက်ထဲတွင် ထုံးစံ အတိုင်း စလင်းဘတ် အ၀ါရောင် တစ်အိတ်နှင့် ခေါက်ဆွဲကြော် တစ်ထုပ် ပါလာသည်။
ကား ထွက် သွားသောအခါ ဆောင်းက အနီး ၇ှိ ဆိုက်ကား ဂိတ်တွင် သိုးနေအောင် အိပ်ပျော်နေသော ဦးအာယု ကို လှုပ်နိုးလေ တော့သည်။ ဒါ မနက်ခင်းတိုင်း ဆောင်းလုပ်နေကျ အလုပ် တစ်ခု ဖြစ်ပါသည်။
“အဖေ၊ အဖေ ထ ထ ၊သမီးရောက်နေပြီ၊ အိမ်သွားမယ်”
“အော်၊ အင်း သမီး ပြန်လာပြီလား၊ လာ လာ”ဟု ဆိုကာ ဆိုက်ကား သမားကြီး ဦးအာယုနှင့် ဆောင်း တို့ မိုးမခ လမ်းထဲ ၀င်ရောက် ပျောက်ကွယ် သွားလေပြီ။ ထိုမျှ သာ ဖြစ်ပါသည်။ ကျွန်တော့် မနက်ခင်းများသည် ထို အချိန်ကာလ ကလေး (ထို မြင်ကွင်းကလေး) အား မြင်ရရုံ မျှနှင့် စိုပြေလှပ ပါသည်။ ကျေနပ်ပါသည်။
“ကဲ ဦးဝတုတ်ရေ လဖက်ရည် မချနဲ့တော့ ပြန်ပြီ”
ကျွန်တော်လည်း စက်ဘီး ကို ဆွဲကာ ဆိုင်မှ အိမ်သို့ ပြန်လာခဲ့ပါတော့သည်။ လမ်းတွင် ဆောင်း ၏ ပုံရိပ်လေး များက ကျွန်တော် စက်ဘီး ခြင်း ကလေးထဲ အထပ်ထပ် ကပ်ပါလာခဲ့၏။
(၂)
ည (၁၁) နာရီ ပိတ်သော အားမာန် ဖက်ရည်ဆိုင်ရှေ့တွင် ခုံတစ်လုံး ချကာ (၁၂) နာရီ ကျော်သည်အထိ ကျွန်တော် အမြဲ ထိုင်လေ့ ရှိသည်။ ဒီနေ့တော့ သာမာန်ထက် ပိုစောစီးစွာ ရောက်လာခဲ့ သည်။ မိုးမခ လမ်း ထိပ် မှ ဆိုက်ကားဂိတ် အနီး ဆောင်း ကို အပြာရောင် ၀မ်းဆက် ဖြင့် လှပသားနားစွာ မြင်ရ၏။ ဆောင်း က လက်မှာ goodmornning ကိတ်မုန့်တစ်ချပ် ကိုင်ကာ အားပါး တရ စားသောက်နေ၏။
ဆောင်း ၏ အဖေ ဦးအာယု က အရက်ပုလင်း ကို မော့ရင်း ဆောင်း အနားမှာ ကူစောင့်ပေး နေပါသည်။ ဆောင်း ယခု စောင့်နေသည် မှာ ဆောင်း ကို လာခေါ်မည့် ကား တစ်စင်း ဖြစ်ကြောင်း ကျွန်တော်သိပါ သည်။ ထိုကားသည် အနက်ရောင်ဖြစ်နိုင်သလို၊ အဖြူရောင်လည်း ဖြစ်နိုင်ပါသည်။
ကားပေါ်တွင် အခန့် သား မောင်း လာမည့် သူမှာ လည်း ခပ်၀၀ လူကြီး တစ်ယောက် ဖြစ်ချင်ဖြစ်လိမ့်မည်။ အသက် ငယ်ငယ် ကောင်လေး တစ်ယောက်လည်း ဖြစ်နိုင်ပါသည်။ ဘယ်လို လူမျိုး ဖြစ်စေ ကျွန်တော် က ငေးကြည့်နေရုံက လွဲပြီး ဘာမှ မတက်နိုင်ပါ။ ဆောင်း က ဆရာမ ဂျူး ၏ ၀ထ္ထု စာအုပ် ကလေးကိုလည်း ကိုင်ထားတာ မြင်ရ၏။
စာဖတ်လည်း ၀ါသနာပါသည့် ဆောင်း ကို ကျွန်တော် ကတော့ လေးစားသည်။ ကျွန်တော် ဆောင်း ကို ငေး ကြည့်နေတုန်း ဦးဝတုတ် ကနောက်သည်။
“ကောင်လေး ဟို ကောင်မလေး က ဒီနေ့ ဖေါက်သည် မလာဘူး ထင်တယ်”
ကျွန်တော် ထို စကားလုံး ကို အလွန်မုန်း ပါသည်။ သို့သော် စိတ်ထဲ ကသာ ကြိတ်ပြီး ကြိမ်ဆဲ ရ၏။ ဦးဝတုတ် က ဆောင်း ကို ကောင်းကောင်း သိသည်။ ကျွန်တော် တစ်ဖက်သက် ချစ်နေမှန်းလည်း သိသည်။ ဦးဝတုတ် က ဘယ်သူ့ကိုမှ မပြောပါ။နုတ်လုံသည်။ ထို့ကြောင့် သူ့ကိုတော့ ဒေါသ ဖြစ်ပြလို့မရ။
ဆောင်း က ဒီနေ့ အချိန်အတော်ကြာ အောင် လမ်းထိပ် မှာ ရှိနေသည်။ ဆောင်း ကို ကျွန်တော် ဘယ်လို ဆုတောင်းမျိုး ပေးရမလဲ ။ သူမျော်နေသည့် တစ်စုံ တစ်ယောက် အမြန်လာပါစေဟု ဆုတောင်းရမည်လား။ မလာပါစေနဲ့ ဟု ဆုတောင်းရမည်လား။ ကျွန်တော် ဘာ ဆုတောင်းရမှန်း မသိအောင် ကို ရင်တွင်းက တစ်လှပ်လှပ်ဖြစ်ရသည်။
သို့သော် ကျွန်တော် ဆုတောင်းစရာ မလိုတော့ပါ။ ဆောင်းရှေ့သို့ ပရာဒို ကားတစ်စင်း ထိုးဆိုက်လာပါ သည်။ ဆောင်း လည်း ကားပေါ် သို့ လေးပင်သော ခြေလှမ်း များ ဖြင့် လိုက်ပါ သွားပြီ ဖြစ်ပါသည်။ ကျွန်တော် လည်း လဖက်ရည်ဖိုး ရှင်းကာ အိမ်ပြန်ရုံမှ တစ်ပါး အခြားမရှိတော့။
လင်းနေသော ကြယ် များက ကျွန်တော့်ကို လှောင်ချင်လှောင်နေပါလိမ့်မည်။ ခွေးလေခွေးလင့်များနှင့် အတူ အပြန်လမ်း ကို ကျွန်တော် မြန်းခဲ့ရပြန်သည်။
ဆောင်း ကိုကျွန်တော် စိတ်ထဲ က မထုတ်ဖြစ်ပါ။ အိပ်မောကျ ချိန်မှ တစ်ပါး ထိုစွဲ လမ်းမှုအား ထုတ်ပစ်နိုင် စွမ်း မရှိဟု ၀န်ခံချင်ပါသည်။ ညက ကြယ်ရောင်ပြပြ ၏ ဦးဆောင်မှု နှင့် အလင်းမျှဝေ၏။ ထို အလင်းအား ရင်ဘတ် အတွင်း နက်နက် ထိ လာ လင်းထင်းစေချင်မိသည်။ ကျွန်တော်ကတော့ ဆောင်းကို မက်သော အိမ်မက်များ နှင့်နေသားတစ်ကျ ရှိနေပါသည်။
(၃)
ဆောင်း ၏ နာမည် အရင်း မှာ ဆောင်းဝေလွင် ဖြစ်ပါသည်။ ဆောင်းက ဆိုက်ကား သမား (အရက်သမား) ဦးအာယု ၏ သမီး အကြီးဆုံး ။ဆောင်း အောက်တွင် အငယ် နှစ်ယောက် ရှိသည်။ဆောင်း မေမေ က ယခင် စက်ချုပ် သည့် အလုပ် လုပ်သော်လည်း ယခု ကျန်းမာရေး ဆိုးရွားနေမှု ကြောင့် ဘာမှ မလုပ်နိုင်တော့ ။
ဆောင်း အဖေ ဦးအာယု က အရက်ဖိုး ရလျင် ဆိုက်ကား မနင်းတော့။ မိန်းမ ကို နှိပ်စက် သည်။ အမြဲ ပြသနာ ရှာသည်။ ဆောင်း က ကိုးတန်းကျောင်းသူ ဘ၀ ကပင် ကျောင်းထွက် ကာ အိမ် စီးပွားရေးကို ပင်တိုင် လုပ်ပေး နေရသူ။ အိမ်လခ၊ ရေဖိုး၊ မီးဖိုး၊ အမေ့ဆေးဖိုး၊မောင်လေးနှင့် ညီမလေး ကျောင်းစရိတ်၊ စားစရိတ် စသည့် များပျားလေးလံ လွန်းသော လိုအပ်ချက် များက ဆောင်းကို လူ့အသိုင်း အ၀ိုင်းနှင့် ဝေးရာ ကို ဆွဲထုတ်ခဲ့သည်။
ကောင်းမွန်သော လုပ်ငန်းနှင့် ဘယ်လို မှ အသက်မွေး ၀မ်းမကျောင်းနိုင်တော့သော ဆောင်း အတွက် ခါး သက်သော အသက်မွေး ၀မ်းကြောင်း တစ်ခုကို ရွေးချယ်ခဲ့ရလေသည်။ ဘ၀ က ပေးသော အပြစ်ဒဏ် (သို့တည်း မဟုတ်) အတိတ် က ကံ အကြောင်းတရား ၏ နောက်ဆက်တွဲ အကျိုးတရားတစ်ခု အဖြစ် ဆောင်း ကို တစ်ရက်ကွက်လုံး က ဇယား ဟု တွင်တွင် ခေါ်ခွင့် အား ဆောင်း ကိုယ်တိုင် မတတ် သာပဲ ခွင့်ပြု ပေးခဲ့ရပါသည်။
ဇယား ဟူသော အသုံး အနှုန်း ကို ကျွန်တော် မသုံးချင်ပါ။ ဆောင်း ကို သတ်မှတ် ထားသည့် ကျွန်တော့် သတ်မှတ်ချက် ကိုလည်း ထို ဇယား ဆိုသော စကားလုံးကြောင့် အရောင် မှိန် မပစ်ရက်ခဲ့။ဆောင်းသည် ကျွန်တော့် အတွက် ပတ်ဝန်းကျင် က မည်သို့ဆိုစေ။ နတ်သမီး လေး တစ်ပါး အဖြစ် အမြဲ တည်တံ့ နေပါလိမ့် မည်။ ဆောင်း ကို ကျွန်တော် အသက် တစ်မျှ ချစ်ရပါသည်။
.
တစ်ခါ တစ်ရံ တွင် အချစ် ဆိုသော အရာ သည် ပိတုန်း များကဲ့သို့ ၀တ်မှုံ ကူး ပေါင်းစည်း ဆက်သွယ် လို သူများ အတွက် ညစ်ထေးပေပွ ခဲ့ရသည်။ ကျွန်တော် ကတော့ အဖြူ။အဖြူရောင် ဆန်သော ချစ်ခြင်းတရားနှင့် ပင် ဆောင်း ကို တိတ်တခိုး စွဲလန်း ချစ်ခင်နေမိဦးမည် ဖြစ်သည်။
ကျွန်တော့် မိဘ များက ရပ်ကွက် မျက်နှာဖုံး များဖြစ်၏။ ဆောင်း ကို ဘယ်နည်းနှင့် မှ သဘောတူလာမည် မဟုတ်ပါ။ ကျွန်တော် ကတော့ နောက်ဆုံးနှစ်ကျောင်းပြီးလျှင် ဆောင်း ကို ရအောင် ယူမည်ဟု ဆုံးဖြတ်ထား သည်။ လတ်တလော အခြေအနေ အရ ဆောင်း ကို အဝေး မှသာ ငေးကြည့်နေရုံသာ တက်နိုင် ပါသည်။
ကျွန်တော် ကိုယ်တိုင် က မိဘ ပေးသော ပိုက်ဆံနှင့် ကျောင်းတက် နေရသူ ဖြစ်တာကြောင့် ဆောင်း ဘ၀ အတွက် ဘာမှ လုပ်ပေးနိုင်စွမ်း မရှိသေးပါ။
ကျွန်တော့ ကို ဆောင်း သိလိမ့်မည် မဟုတ်သော်လည်း ဆောင်း ကို တစ်ချိန်ချိန် တွင် ကျွန်တော် ဘယ်လို ချစ်ခဲ့ကြောင်း၊ ဘယ်လောက်မြတ်နိုး မိခဲ့ကြောင်း ကောင်းကောင်းပြောပြ ဖြစ်လိမ့်မည် ဟု ထင်ပါသည်။ ထို အချိန်တွင် ဘ၀ ကို ပေး ၀င်ငွေရှာနေသော ဇယား ဆိုသည့် ကောင်မလေး ကို ချစ်ခင်မြတ်နိုးမိလို့ ပတ်ဝန်း ကျင် တစ်ခုလုံး ရှုတ်ချ ပစ်တင်ပါစေ။ ကျွန်တော် ဆောင်း ၏ လက်ဖ၀ါး ကိုသာ တွင်တွင် ဆုပ်ကိုင် လျှောက် လှမ်းနိုင်ကြောင်းလည်း အာမခံရဲပါသည်။
(၄)
ထိုနေ့က သူငယ်ချင်း တစ်ယောက်၏ မွေးနေ့ ပွဲဖြစ်သောကြောင့် ဆောင်း တို့ လမ်းထိပ် ကို ကျွန်တော် မရောက်ခဲ့ပါ။ စိတ် ကတော့ ရောက်ပါသည်။ သူငယ်ချင်း က အတင်းခေါ်နေခြင်းကြောင့် ငြင်း မရသည့် အဆုံး ကျွန်တော် ရောက်သွားခဲ့ရ သည်။ မွေးနေ့ ပွဲ ဆိုသော်လည်း ပါတီ တစ်ခု အတိုင်းပင်။ အရက်ဘားနှင့် စားသောက်ဖွယ်ရာများကို ခုံတန်းလျား အရှည် တစ်ခုပေါ် ဖြန့်ခင်းထားသည်။
သူငယ်ချင်း အတော် များများက သောက်စား မူးရစ်နေကြသည်။ ကျွန်တော် မသောက် ဘူး ဟု ငြင်းသော် လည်း အများ က အထိမ်းအမှတ် တစ်ခု အနေနှင့်ဝိုင်း သောက်ခိုင်းကြသဖြင့် သောက်ဖြစ်ပါသည်။ ဘီယာ မျိုးစုံ အရက် မျိုးစုံနှင့် စကား အခြေ အတင်ပြောရင်း အချိန်လင့်လာ၏။
ကျွန်တော့် ပြန်မည်ဟု ဆိုသော်လည်း သူငယ်ချင်း များက (အရက်မူး လာသည့် အတွက်) KTV တွင် သီချင်း သွား ဆိုမည်ဟု ပြောသည်။ ကျွန်တော်လည်း ပါးစပ်က တစ်ခု ငြင်းလိုက်၊ လက်တွေ့ ပါသွားလိုက်နှင့် မူးရစ် ရီဝေစွာ ထိုညကို လွင့်မျော်ပစ်ခဲ့မိပါတော့သည်။
“ဟေ့ကောင် ဖိုးသောကြာ’”
“ဟင် ဘာလည်းကွ”
“မင်းကို ငါတို့ ဒီည နတ်ပြည် ပို့ပေးမယ်”
ကျွန်တော် ဘာကို ရည်စူးမှန်း နားမလည်သော်လည်း ဦးနှောက် က ချင့်ချိန် နိုင်စွမ်း မရှိတော့။ ကျွန်တော် မူးလာသည်။ ကျွန်တော့် ကို သူငယ်ချင်း မြတ်စည်သူ က သူ့ကား နှင့် ခေါ်ကာ မီးရောင်စုံ ကလပ် တစ်ခု နဘေး မှ ခြံ ၀င်း တစ်ခုဆီ ခေါ်လာခဲ့သည်။
“မင်းဒီည စော်တစ်ဗွေ နဲ့ အိပ်ကွာ”
“အာ။ မအိပ်ဘူးဟေ့ကောင်။ ငါ အဲဒါမျိုး ၀ါသနာ မပါဘူး”
အမူး လွန်နေသော်လည်း ကျွန်တော် ငြင်းတော့ ငြင်း ဖြစ်ပါသည်။ ဒါကို သူငယ်ချင်းက
“ငါစီစဉ်ထားပြီးပြီ တစ်ယောက် တစ်ဗွေစီ။ တစ်ခါ တစ်လေပဲကွာ၊ အကာအကွယ်သုံးပေါ့”
ကျွန်တော် ထပ်ခါ တစ်လဲ ငြင်းမိသည်။သို့သော် အရက် ၏ တန်ခိုး အာနိသင် ကြောင့် ကျွန်တော့်နုတ် က ဆန့်ကျင်နေသော်လည်း စိတ်က ထိန်းသိမ်းရ ခက်စွာ ရာဂ ၏ ဦးဆောင်ရာ သို့ မျောပါမိခဲ့လေပြီ။ နောက် ဆုံးတော့.....
“အေး အိပ်မယ်ကွာ။ ဒါပေမယ့် ငါ့အိမ်က မသိစေနဲ့ နော်”
“အေးပါကွာ။ ငါဘယ်သူမှ မပြောဘူး”
ကျွန်တော် ကိုယ်တိုင် ငြင်းဆန်နိုင်စွမ်း မရှိတော့မှန်း ကိုယ့်ကိုကိုယ် သိလိုက်ပါသည်။ လူပျို တစ်ယောက်၏ တစ်ခါ တစ်ရံ ပေါ်ထွန်း လာသော အကတိ စိတ် စေရာသို့ ကျွန်တော် ကောက်ကောက်ပါအောင် လိုက်လာ ခဲ့ပါသည်။
အခန်းတစ်ခု အတွင်း သို့ မြတ်စည်သူ က ပို့ပေးကာ ကျွန်တော့်ဆီ ကောင်မလေး တစ်ယာက် လွှတ်ပေး မည်ဟု ဆိုသည်။ ကျွန်တော်လည်း အင်းဟု ဆိုကာ အရက် တစ်ခွက် ထပ်ငှဲ့ သောက်လိုက်၏။ မိန်းမ တစ်ယောက်နှင့် ပထမဆုံး အကြိမ် အိပ်စက် ရမည့် ကျွန်တော့ အတွက်တော့ ရင်ဖို စိတ်လှုပ်ရှားမိသည်က အမှန်။
ခဏ အကြာတွင် အခန်းအတွင်း သို့ အချိုး အစားပြေပြစ် လှပသော ကောင်မလေး တစ်ယောက် ၀င်လာ ပါတော့ သည်။ ကျွန်တော်လည်း အရက်ခွက် ကို ခုံပေါ်တင်ကာ ထို ကောင်မလေး ကို ရာဂ စိတ်ဇောနှင့် လှမ်းကြည့်မိသည်။
“ဟင်”
ကျွန်တော် မြင်လိုက်ရသော မြင်ကွင်း က မီးတောင် တစ်ခု ပမာ။ ကျွန်တော့ ရင်ဘတ်သို့ မြှား တစ်စင်း ပြင်း ထန်စွာ လာစိုက်၏။ ရီဝေ မူးရစ်မှု တို့ ရုတ်ချည်း ပြေပျောက် ရပ်တန့်သွားသည်။ ကျွန်တော် အိပ်စက် ပျော် ပါး ရန် သူငယ်ချင်း အခကြေးငွေ ပေးကာ ငှားရမ်း ထားသော ထို ကောင်မလေးသည်
ဆောင်း ။
ကျွန်တော့် နားထဲတွင် လေပွေ တစ်ခု ထအူ သည်။ ရင်ထဲတွင် ချော်ရည် တို့ အလူးလူး စီးသည်။နှလုံးသား ရှိသည့် နေရာ ကို ပြန်စမ်းကြည့်မိတော့ ကျွန်တော့ ရင်ဘတ်ထဲ ဗလာ တစ်ခု လို ခံစားရသည်။
ချက်ချင်း ဆိုသလိုပင် ကျွန်တော် အခန်းထဲ မှ ပြေးထွက် လာခဲ့မိပါသည်။ ခြံပြင်ရောက်သော အခါ ကျွန်တော် လမ်းမပေါ် မတ်မတ် ရပ်ရင်း ကောင်းကင် ကို မော့ကြည့်ကာ အားပါး တစ်ရ ငိုကြွေး မြည်တမ်း မိ၏ ။နောက် ဆုံး၊နောက်ဆုံး မှာ ကျွန်တော့် မြင်ကွင်းများ မဲမှောင် တိတ်ဆိတ်။
(၅)
ကျွန်မ က ဆောင်းဝေလွင် ပါ။ ကျွန်မ က ဇယားပေါ့။ တစ်ရပ်ကွက်လုံး က ဇယား ဟု ခေါ်သည့် မိန်းမပျက် တစ်ယောက်ဖြစ်ပါသည်။ ကျွန်မဘ၀ ၏ အပျိုစင် ဘ၀ကို ညစ်ထေး ခံကာ ကျွန်မ မိသားစု ကို ထမင်း နပ်မှန်စေခဲ့သူ။ ကံကို သာ ကျွန်မ အပြစ် တင်ပါသည်။ ကျွန်မ လို မိန်းမသား တစ်ဦးသည် လူချစ်လူခင် နည်း ပါးသလို တဏှာ ရာဂ နှင့် သာပေါင်းသင်း ဆက်ဆံ လိုသူများနှင့် နှစ်ပါး သွားခဲ့ရသည်။
ကျွန်မ သည် ဇယား တစ်ဦးဖြစ်ပါသည်။ သို့သော်လည်း ကျွန်မ က လူသားပါ။ ရင်ခုန်တတ်သော လူသား ဆန်သည့် လူသား တစ်ဦးပင်ဖြစ်ပါသည်။
ကျွန်မ သူ့ကို သတိထား မိသည်မှာ ကြာပါပြီ။ သူ့နာမည် က ဖိုးသောကြာ ဟု သိခွင့် ၇ခဲ့သည့်နေ့က ကျွန်မ အတော်ပျော်ခဲ့ ဖူးသည်။ ကျွန်မ ကို သူ အမြဲ လိုလို လမ်းထိပ် က လာပြီး စောင့်ကြည့်ငေးမောနေခဲ့ တာလည်း ကျွန်မ ကောင်းကောင်းသိ ပါသည်။
သူသည် အင်မတန် ချစ်စရာကောင်းပြီး ကျွန်မပေါ် နား လည်ပေးနိုင်သည့် ယောင်္ကျား တစ်ယောက်ဆိုသည့် အချက် ကို တစ်နေ့တစ်ခြား ပိုပို သိခွင့်ရခဲ့သည်။ ကျွန်မ ညတိုင်း သူ့ကို မြင်ရသည်။ မနက် အိမ်ပြန်လာချိန် တိုင်း လည်း သူရှိနေသည်။ သူ ကတော့ ကျွန်မ မသိ ဟု ထင်ဟန် ရှိသော်လည်း သူ့ရဲ့ ရိုးသားမှု ကို ကျွန်မ အသိအမှတ် အမြဲ ပြုခဲ့သည်။
သူ အမြဲ ကျွန်မ အနားမှာ လာစောင့်ပေးနေ သလို ခံစားမိသည့် အခါတိုင်း ကျွန်မ လွန်စွာ နွေးထွေး ပါ သည် ကြာတော့ ကျွန်မ သူ့ကို ချစ်မိလာသည်။ ဇယားတစ်ယောက် အတွက် အချစ် ဆိုသည်မှာ တိမ်တိုက်ကြားက နတ်ယဉ်ပျံ တစ်စင်းပမာ။ ကျွန်မ ကို သူတစ်ကယ် ချစ်ပါ့မလားဟု အမြဲ စိုးရိမ်ခဲ့သည်။ သူလည်း ကျွန်မကို ချစ်နေမှန်း တဖြည်းဖြည်း ရိပ်စား မိလာတာနဲ့ အမျှ ကျွန်မ အဓိပါယ် ရှိလာသလို ခံစားမိလာခဲ့ သည်။သူနှင့် ကျွန်မသည် ဝေးနေသော်လည်း အနီးဆုံးမှာ ရှိနေပါသည်။
ဒီည ကျွန်မ ကို မြတ်စည်သူ ဆိုသော လူတစ်ယောက်က ဈေးကြီးပေး ကာ တောင်း ဆိုသည်။ ကျွန်မ လည်း ခေါင်းငြိမ့် ခဲ့၏။ ထူးထူးခြားခြား ဒီနေ့ည သူ့ကို မမြင် မိတော့ ကျွန်မ စိုးရိမ်မိသည်။ သူနေကောင်း ရဲ့လား။ ပြသနာ တစ်စုံတစ်ရာ ကြောင့်လား။ ကျွန်မ ၀မ်းနည်း နေမိသည်က အမှန်ပင်။
ည (၂) နာရီ ခန့်တွင် မြတ်စည်သူ ဆိုသော လူက ကျွန်မ ကို သူ့သူငယ်ချင်း တစ်ယောက်ကို ပျော်တော် ဆက်ပေးဖို့ ပြောလာသည်။ ကျွန်မ က ကောင်းပြီလေ ဟုဆိုကာ သူ့သူငယ်ချင်း ရှိရာ အခန်းဆီ လာမိသည့် အခါ ကျွန်မ ပျော်တော်ဆက်ပေးရမည့် သူမှာ ကျွန်မ ၏ နတ်သားလေး ဖိုးသောကြာ မှန်းသိလိုက်ရပါသည်။
ကျွန်မ တစ်ကိုယ်လုံး ထူပူ ခဲ့ရသည်။ သူ့ကို ဘာပြောရမှန်း မသိပါ။ ကျွန်မ စိတ်ကို ကျွန်မ ထိန်းချုပ်ထားရတာ လည်း ပင်ပန်းလွန်းလှ ပါသည်။ ကျွန်မ သူ့ကို ဘယ်လို ပျော်တော်ဆက် ရပါ့မလဲ ။ကျွန်မ ထိုင်သာ ငိုပစ်ချင် စိတ်ပေါက်ပါသည်။ ကျွန်မ နှလုံးသား က လျှော့ တစ်ခု ရခဲ့သည်။
ကျွန်မ မျက်ဝန်းက ရွာမည့် ဆဲဆဲ မိုးကို မျက်တောင်ခတ် ကာ ပိတ်ပင်လိုက်မိသည်။ သူ…။ကျွန်မ နတ်သားလေးက ကျွန်မ ကို သေချာစိုက်ကြည့်ရင်း အခန်းတွင်း က အားပါးတရ ပြေးထွက်သွားပါတော့သည်။
ကျွန်မ ငုတ်တုတ် ထိုင်ရင်းကျန်ခဲ့သည်။ ကျွန်မလေ။ ကျွန်မ ရင်ထဲမှာ မြစ်တစ်စင်း ပြောင်းပြန် စီးနေလေပြီ။
သူ ဘာကြောင့် ပြေးထွက် သွားသည် ဆိုတာ ကိုလည်း ကျွန်မ နားလည်ပါသည်။
ည က ကျွန်မ အတွက် မီးတောက် များဖြင့် ချင်းချင်း လင်း၏။ အပူက ရင်မှ မျက်ဝန်းသို့ ထိုးဟပ်လာ သည်။ ကျွန်မ သူ့ရှေ့ မှာ ပိတ်ပင် တားဆီး ထားခဲ့သည့် မျက်ရည်မိုး က ခုမှ ဖြိုင်ဖြိုင် ရွာကျလို့ နေပါသည်။ သို့သော် လောင်နေသော သောက မီးစ တို့ကို ငြိမ်းနိုင်ဖို့ရာတော့ စွမ်းသာမည် မထင်တော့။
ကျွန်မ သည် ထိုသို့သော ဇယား တစ်ယောက် ဖြစ်ပါသည်။
POH အမှတ်စဉ် (၂) ရသ ၀ထ္ထုတို ပြိုင်ပွဲ
မောင်သြလေး
(ဇယား)
စည်းကမ်းချက်များအား လိုက်နာပါသည်။
Mg Oaw Lay
POH - Power Of Heart နှလုံးသား စွမ်းရည် ရသစာပေအဖွဲ့
No comments:
Post a Comment