သာသနာဆိုတာ ဘယ်လိုလဲ…???
ဘယ်လိုပြုတာကို မှ သာသနာပြုတယ် ခေါ်သလဲ…???
ဒါ စဉ်းစားဖို့ အချိန်ကျရောက်လာပြီ။
ဘုရားပြင်တဲ့ပုဂ္ဂိုလ်တွေ ကလည်း သာသနာပြုတယ်ပြောတာပဲ။
အဝတ်ဖြူကြီးတွေ ဝတ်ထားတဲ့ ပုဂ္ဂိုလ်တွေကလည်း သာသနာပြုတယ်ပြောတာပဲ။
မုတ်ဆိတ်မွှေးရှည်ကြီးနဲ့ လူ တောင်ဝှေးနဲ့ ထိုးတဲ့သူ ကလည်း သာသနာပြုတယ်ပြောတာပဲ။
တော်တော်ခက်တာပဲ။
ဘုန်းကြီးတို့ စာချနေတဲ့ ရဟန်းတော်တွေက သာသနာပြု ဆိုင်းဘုတ် တင်ခွင့်ကိုမရတော့ဘူး။
ဒီလိုဖြစ်နေတယ်။ အဲဒိလို သာသနာပြုဆိုင်းဘုတ် ကို တွင်တွင်ကြီး တပ်လာပြီ ဆိုရင် ဒို့ဒကာ ဒကာမတွေက အုံပြီးတော့ ပါသွားကြတယ်။
ဒီမှာ စာသင်တိုက် မှာ အငတ်ငတ် အပြတ်ပြတ် နဲ့ ဆွမ်းမှ မဝရေစာ သင်္ကန်းမှ ရှားရှားပါးပါး စာသင်စာချ လုပ်နေကြတဲ့ ကိုယ်တော်တွေ အပေါ်ကြတော့ အဲဒါ သာသနာပြုတယ် လို့ မြင်တဲ့ သူက တဖြည်းဖြည်းနည်း လာတယ်။
ဘာဖြစ်လို့ နည်းလာသလဲ ဆိုတော့ ပရိသတ် နဲ့အထိအတွေ့ နည်းလို့တဲ့။
ကျောင်းထဲမှာ ကုတ်ပြီးနေကြတဲ့ ကိုယ်တော်တွေ အဲဒါ သာသနာတော်ရဲ့ရေသောက်မြစ် ဆိုတာ ဘုန်းကြီးတို့ ပရိတ်သတ် သိပြီး ထားကြ။
ပရိယတ္တိ စာပေ မရှိခဲ့လျင် ပဋိပတ္တိ ကျင့်စဉ် ဆိုတာ ခန်းခြောက်သွားမယ်။
ပရိယတ္တိ စာပေ ဆိုတာကို ဒို့ဒကာ ဒကာမတွေ နားလည်ထားစေချင်တယ်။
ရေကန်ကြီး တစ်ခုရဲ့ ကန်ဘောင်ကြီး တစ်ခုနဲ့ တူတယ်လို့မှတ်ထား။
ရေကန်ကြီး တစ်ခုမှာ ကန်ဘောင်ရိုးကြီး ကို ခိုင်ခိုင်ကာ အဲဒိ အထဲမှာ ရေတွေ တည်မယ်။
ကန်ဘောင်ရိုး မခိုင်ရင် ရေမတည်ဘူး။
ရေမတည်ရင် ကြာမျိုးငါးပါး လည်း လန်းလန်း ဆန်းဆန်း မပွင့်နိုင်ဘူး။
ဒီတော့ ကြာမျိုး ငါးပါး လန်းလန်းဆန်းဆန်း ပွင့်နေတယ် ဆိုတာဟာ ပဋိဝေဓ ခေါ်တဲ့ မဂ်ဥာဏ် ဖိုလ်ဥာဏ် ကိုပြောတာ။
ကြာမျိုးငါးပါး ပွင့်ချင်ရင် ကန်ဘောင်ရိုးကြီး ကို ခိုင်အောင်ဆယ်ရမယ်။
ပရိယတ္တိ ဆိုတာ ကန်ဘောင်ရိုး
ပဋိပတ္တိ ဆိုတာ ကန်ထဲကရေ
ပဋိဝေဓ ဆိုတာ အဲဒိကန်ထဲမှာ ပွင့်လာတဲ့ ကြာတွေလို့ မှတ်ရမယ်။
ပရိယတ္တိ သာသနာ့ တာဝန်ကို ထမ်းဆောင်နေတဲ့ စာသင်တိုက်က အရှင်မြတ်တွေဟာ သာသနာ့ ကန်ဘောင် ရိုးကြီး ကို ဖို့နေတာ ဆယ်နေတာ။
အဲဒိ သာသနာ့ ကန်ဘောင်ရိုးကြီး ကို အပြင်းအထန် ခါးတောင်းကျိုက် ဖို့ဆယ်နေတဲ့ စာသင် စာချ အရှင်မြတ်တွေ ကို ဆွမ်းလေး တစ်ဇွန်း ဟင်းလေး တစ်ခွက် နေ့စဉ်လောင်းလှုနေတယ် ဆိုတာဟာ သာသနာ့ ကန်ဘောင်ရိုး ကို ဒို့ တရားနာပရိတ်သတ် ကလည်း ဝိုင်းဝန်း ဆယ်ဖို့နေတာ။
အဲဒိ ပရိယတ္တိ ကိုမှ အားပေးချင်တဲ့ သဘောမရှိရင် ဒို့တရားနာ ပရိတ်သတ် ဘာ ဆိုင်းဘုတ်တွေ တပ်နေနေ သာသနာပြု အဓိပ္ပါယ်ပေါ်လွင်ပါ့မလား။
ဘုရားတွေ ဘယ်လောက်ပဲပြင်နေနေ စေတီတွေ တစ်တိုင်းပြည်လုံးဖွေးချင်တိုင်းဖွေးနေ ပါစေ စာချ စာသင် မရှိ ခဲ့လျင် ဒီတိုင်းပြည်ကြီး မှာ ကျင့်စဉ် ဆိုတာ ရှိပါဦးမလား။
ဘုရားရှင် ပွင့်တော်မူတဲ့ မဇ္ဈိမဒေသ အိန္ဒိယပြည်ကြီး မှာ ဘုရားပုထိုးတွေ အများကြီး ကျန်ခဲ့သားပဲ။
ပုဂံနေပြည်တော်ကြီး မှာ ဘုရားတွေ နည်းတာမှ မဟုတ်ဘဲ။
အဲဒိစေတီတွေပြည့်နေတဲ့ ပုဂံနေပြည်တော်ကြီး မှာ စာသင်တိုက်ကြီးကြီး ကျယ်ကျယ် ခန်းခန်းနားနား ရှိသေးရဲ့လား။
စေတီတွေပြုပြင်နေရုံ နဲ့ ထီးတွေ တင်နေရုံနဲ့ သာသနာပြုတယ် လို့ မဆိုနိုင်သေးဘူး။ သာသနာ ရဲ့ အခက် အလက် အသီးအပွင့် တစ်စုံတစ်ရာ ကို ဆွတ်ယူ စားနေတာတော့မှန်တယ်။ သာသနာ့ သစ်ပင်ကြီး က သီးပွင့် လာတဲ့ အသီးအပွင့်တွေ စားသုံးနေတာတော့ မှန်တယ်။ ကုသိုလ်ရေး လုပ်ငန်းတစ်ခု အနေနဲ့တော့ မှန်တယ်။ ဘုန်းကြီးတို့အနေနဲ့ ဘာမှအပြစ်မတင်ဘူး။
သာသနာပြုတယ် ဆိုတဲ့ အဓိပ္ပါယ် ကို ခြေခြေမြစ်မြစ် နားလည်စေချင်လို့ ပြောနေတာပါ။ ဘုရားပြင်တာ ကို လည်း ပြင်ကြ ဒါပြင်ရမှာပဲ။
ဒီတော့ သာသနာပြုတယ် ဆိုတာ ဒို့ပရိတ်သတ် ကန်ဘောင်ရိုးကြီး ကို ခိုင်ခိုင် ဆယ်မှ သာသနာ အရှည်ခံ၍ တည်တန့်မယ်။ ကန်ဘောင်ရိုးကြီး မခိုင်ခန့် ရင် အဲဒိကန်ထဲ ရေတွေနေဦးမလား။
ပရိယတ္တိ မခိုင် ခဲ့ရင် ပဋိပတ္တိ ဆိုတဲ့ကျင့်စဉ်တွေ ခိုင်ပါဦးမလား။
ပဋိပတ္တိင်္ံ ကျင့်စဉ် မခိုင်လုံရင် ပဋ်ဝေဓ ဆိုတဲ့ မဂ်ဥာဏ် ဖိုလ်ဥာဏ် ရပါဦးမလား။
ပရိယတ္တိ ကန်သင်း ဥာဏ်ရင်း ခိုင်ကျည်
ရေကြည်ဆင့်လောင်း ကျင့်ကောင်းကြသည်
မဂ်ဖိုလ် သိရေး ပဋိဝေးကြာတည်
အဲဒါ မှ သာသနာ့ကန် တာရှည်။
ဒါ ဒို့ပရိသတ်တို့ အသည်းစွဲအောင် မှတ်ထား။
(သီတဂူ ဆရာတော်ဘုရားကြီး)
ခင်လပြည့်ဝန်း
No comments:
Post a Comment