Tuesday, August 30, 2016
ဒေါက်တာ သန်းထွန်း ပြောသည့် မြန်မာတို့ အတွက် ပုဂံ ယဉ်ကျေးမှုရှေးဟောင်း နယ်မြေ
မြန်မာနိုင်ငံသားတိုင်း ပုဂံ အကြောင်း ကောင်းကောင်း သိထား သင့်ပေသည်။ မှန်နန်းရာဇဝင် ထဲက ပုဂံတော့ မဟုတ်။ ဘုရား သမိုင်း အထွေထွေ မှ ပုဂံ လည်း မဟုတ်။ သို့ဆိုလျှင် အဘယ်နည်း ။ မြန်မာ တို့၏ အထင်ကရ ကျက်သရေဆောင် နယ်မြေ ဖြစ်ခဲ့သော ပုဂံ ဒေသ ကို အစစ်ဆေးခံ၊ မှတ်ကျောက်တင်ခံ၊ အထောက် အ ထားနှင့် တစ်ကွဖြစ်သော ပုဂံ အား ရှေးဟောင်းသုတေသန ကလောင်ဖြင့် မှတ်တမ်းတင် ထားလျက်ရှိသော နောက်ထပ် ရှုထောင့် တစ်မျိုးနှင့် ပုဂံ အား တင်ပြလိုက်ရပေသည်။
(က) ပုဂံ ဆိုတာ ။
ပုဂံ ဟူသော အမည် နာမကား မြန်မာ အမည် မဟုတ်ပေ။ ပျူ အမည် ဖြစ်ပေသည်။ အဓိပ္ပါယ်ကား ပျူ တည်ထောင်သော ရွာ / ခံမြို့ ဖြစ်ပါသည်။ ဟံလင်း အစရှိသော အထက်ပိုင်း ပျူနှင့် ပြည် အစရှိတဲ့ အောက် ပိုင်း ပျူတွေ ရဲ့ ဆက်သွယ်ရေး လမ်းကြောင်းမှာ အလယ်က စခန်းတစ်ထောက် အဖြစ် ပျူ ဝတ် (Phyu vatsu) ပျူ ဂါမ (Phyugama) က ပုဂံ ဖြစ်လာတယ် ဆိုတာ လည်းဖြစ်နိုင်ချေရှိပါသည်။
တည်ထောင်သော လူမျိုး ကို အစွဲပြုပြီး ပျူ ဂါမ ဟုခေါ်ခြင်းဖြစ်ပေမည်။ အားလုံး ၏ အလယ် ဗဟို လည်းဖြစ် ၍ တစ်ကြောင်း၊ နယ် အသီးသီးသို့ ဆက်သွယ်ရေး လွယ်ကူ စေသော ရေကြောင်း တည်ရှိရာ ဧရာဝတီ မြစ်ကြီး အပေါ် တည်ရှိနေ၍ သော် တစ်ကြောင်း၊ ခံမြို့လည်းဖြစ်၍သော်တစ်ကြောင်း ဖြင့် ပုဂံ ကို မင်းနေပြည်တော် မင်းကြီး တည်ရှိရာ ဗဟို အုပ်ချုပ်ရေး မဏ္ဍလ (အဝန်း အဝိုင်း) အဖြစ်သတ်မှတ် ခဲ့သည်။
ဤသို့ သတ်မှတ်ရာ မြန်မာ တို့၏ အုပ်ချုပ်ရေး ဗဟိုဌာန အနေသို့ အချိန် ကာလ အားဖြင့် ခရစ်နှစ် ကိုးရာစုနှောင်းခန့် မှ စတင်သတ် မှတ်ခြင်း ဖြစ်နိုင်ပေ သည်။ ထိုအချိန်မှ စ၍ အိန္ဒိယတောင်ပိုင်းသား တို့မှ ပျူနိုင်ငံကို ဗြဟ္မဝတ္ထု ဟုခေါ်ဆိုရာမှ ပုဂံ ပြည် ရှိ မြန်မာ တို့သည် ဗြဟ္မ လူမျိုး ဟု ခံယူခဲ့ ပုံရပါသည်။
(ခ) တည်ထောင်ပုံ။
ပုဂံ သည်လည်း အခြားသောမြို့ပြ နိုင်ငံများကဲ့သို့ပင် မူလ ရွာ၊ ရွာ မှမြို့ ၊ မြို့မှ မင်းနေပြည်တော် ဖြစ်လာ မည်ဟု တွေးဆ မိပါသည်။ ပုဂံမြို့ ဟူ၍ စတင် တည်ရှိနေသည်မှာလည်း ခရစ်နှစ် အစောပိုင်း ကာလလောက်ဟု ခန့်မှန်းရပေသည်။
ပျူ လူမျိုးများ ခရစ်မပေါ်မီ အနှစ် နှစ်ရာခန့် ကာလက မြန်မာနိုင်ငံ ဟု ခေါ်တွင်မည်ဖြစ်သော ဒေသ ကို ဝင်ရောက်နေထိုင်လျက် ရှိရာမှ ပျူဒေသ သုံးဆယ့်နှစ်ဒေသ တွင် ပုဂံ လည်း အပါအဝင်ဖြစ်ပေသည်။ တမ္ဗဒီပ ဟု အစောပိုင်း တွင် အမည်ရခဲ့ သော ပုဂံ ကို အကြီးကျယ်ဆုံးသော မင်းနေပြည် အဖြစ်သို့ ရောက်ရှိစေ သောသူမှာ အနိရုဒ္ဓါ မင်းပင်ဖြစ်သည်။
မည်သူ တည်ထောင်သည် ဘယ် မင်းဆက်က စသည်ကို အပြော ခက် ( အထောက် အထား မတွေ့ဖြစ် ) နေ၍ အနိရုဒ္ဓမင်း မှသာ စပြောလျှင် သင့်ပေမည် ။ ပုဂံ သည် (၂၀ံ ၁၀ ' မြောက်လတ္တီတွဒ်၊ ၉၄ံ ၅၅ ' အရှေ့လောင် ဂျီတွဒ် ) အတွင်း တည်ရှိသည်။ မင်းပိုင်နက် စုစုပေါင်းသည် အစဦး ပထမ တမ္ဗဒီပ ၌ မြစ်သာ တစ်ဆယ့် တစ် ခရိုင်နှင့် မင်းဘူး ခြောက်ခရိုင် အပါအဝင်ဖြစ်သည်။
တောင်ပိုင်း တွင် တောင်တွင်းထိ၊ ဧရာဝတီမြစ်ကြောင်း အတိုင်း မိကျောင်းရဲ အောက်၊ ပြည်တော်သာကျွန်းအထိ အပါအဝင် ဖြစ်၍၊ မြောက်ပိုင်းတွင် ဧရာဝတီ-မြစ်ငယ် ဆုံရာ တောင်ပြုန်း အထိသာ ကျယ်ဝန်းသည်။ဆယ်ရေသောက် လယ်ဧက ကို ခရိုင်(န်) ၊ ထို မှ တိုက် သို့ကြီးကျယ် လာရာမှ တိုက်ခရိုန်ထက် တိုးတက် လာပြီး နိုင်ငံ ထူထောင်ရန် အခွင့် သာလာခဲ့သည်။
လူအား၊ စီးပွားရေး အင်အား တောင့်တင်းပြည့်စုံ လာ၍ အနုရုဒ္ဓါ မင်း လက်ထက်တွင် ပုဂံ သည် မြန်မာ လက်နက်နိုင်ငံ ၏ အချက် အခြာ မဏ္ဍိုင်ဖြစ်လာ ပေသည်။ ထိုမင်းကို ဆက်ခံသော ဝဇြာဘရဏ(စောလူး) လက်ထက် တွင် ပုဂံ ၏သြဇာ အာဏာမှာ ဘိတ်( မြိတ်) အထိ သို့ရောက်နေသည် ကို ၎င်းဘွဲ့ အမည်နှင့် မြေပုံ ဘုရား မြိတ်တွင် တွေ့ရှိရခြင်းမှ သိနိုင်ပေသည်။
ဒုတိယ စည်သူ လက်ထက်တွင် နိုင်ငံသည် မြောက်ဘက်တွင် တကောင်းနှင့် ငဆောင်ချန် ၊ တောင်ဘက် တွင် တလိုင်သရိယ် ( တနသာင်္ရီ )၊ ထဝယ် (ထားဝယ်) နှင့် သလင်ကြေ (Junk Ceylon, Cape Salang)၊ အနောက်ဘက် တွင် မစ္ဆကီရိတောင် ၊ အရှေ့ဘက်တွင် သံလွင်မြစ် အ ထိကျယ် ပြန့် လျက် ရှိသည်။
(ဂ) အမည် နာမ၊ မှတ်စု အထွေထွေနှင့် ပုဂံ ။
ပုဂံ ၏ ပါဠိ အမည်ကား အရိမဒ္ဒပူရ ( ရန်မျိုးနှိမ်မြို့ ) ဟု အဓိပ္ပါယ် ရသည်။ တိုင်းရင်းသား အမည်နှင့် ခေါ်ခြင်းမျိုးလည်း ရှိ၍၊ မွန် တို့ က ပေါကာမ် ( သို ) ပုကာမ် ( သို့ ) ဗုကာမ် ဟုရေးသားဖော်ပြလေ့ ရှိပါသည်။ မွန်တို့ကပင် ပုဂံ နှင့် ပတ်ဝန်းကျင် ကို တတ္တဒေသ (ခမ်းခြောက်ရာ အရပ်) ဟု ခေါ်စမှတ်ပြုသည်ကိုလည်း မှတ် သား ဖွယ်တွေ့ရပါသည်။
ပုဂံ တရုတ်ပြည်သွား ခရစ်နှစ် ၁၂၇၃ခု ငြိမ်း ချမ်းရေး သံအဖွဲ့ခေါင်းဆောင် ရှင် ဒိသာပါမောက် က ပုဂံ ကိုဖော် ပြရာ၌ တမ္ဗဒီပ ( ကြေးနိုင်ငံ ) ဟူသော အခေါ် ကို သုံးပါသည်။ ပုဂံ ၏ လူဦးရေ ကို ပုဂံ ကျောက်စာတို့ တွင် ပါသော စပါးစိုက် ၊မြေပယ် ဧရိယာနှင့် စပါးအထွက် ကို ယူ၍ ခန့်မှန်းရလျှင် လူဦးရေ တစ်သန်း အထက်နှင့် နှစ်သန်းအောက် ရှိပေမည်။
ယခုတွေ့ရသော မြို့ရိုး မူကား ခရစ်နှစ် ၁၈၂၄ တွင် ရန်သူလာပြီ ဆိုမှ မြန်မြန် တင်ထား သော မြို့ရိုးဖြစ်သည်။ ပုဂံ ဝန်းကျင်ဒေသ သည် သဲမြေဖြစ်၍ အုတ် မလုပ်နိုင်။ စေတီပုထိုး တို့ တည်ရန် အတွက် အုတ် ကို စလေနယ်၊ စလင်းနယ် တို့မှ ပုဂံ အရောက် လှေ၊ လှည်း တို့ဖြင့် သယ်ယူကြရသည်။
ပုဂံ ဝန်းကျင်ဒေသ သည် သက်တမ်း အနှစ် သန်း ၃၀ မှ ၆၀ ရှိ ရခိုင် ရိုးမကြောင့် မိုးရိပ်ကျ ဧရိယာဖြစ်၍ လွန် ခဲ့ သော နှစ်ပေါင်း ၃ ကုဋေကျော် ၆ ကုဋေ မရှိတရှိ ကပင် သဲကန္တာရ တစ်ပိုင်း (semi-desert) ဖြစ်နေပေသည်။
(ဃ) ပုဂံ မင်းဆက် ။
မှတ်တမ်းရှိမှ သမိုင်း မည်သည် သတ်မှတ်ကြပါစို့။ မှတ်တမ်း မရှိ သောကာလ ကို အကြို သမိုင်း (Pre-history) လို့ သတ်မှတ်ကြပါ သည်။ မြန်မာ့ မှတ်တမ်း တွေကို မြန်မာဘာသာ အက္ခရာတင်ပြီး ရေးသားသည့် အမှတ်အသားမှာ ခရစ်နှစ် ၁၁ ရာစုနောက်ပိုင်း ထက်ဝက်ကာလမှ စတင်တွေ့ရှိသည်။ ထိုမှတ်တမ်းမှ အစပြု၍ ပုဂံ မင်းဆက်ကို ဖော်ပြရလျှင်
(၁)။ အနိရုဒ္ဓ ၊ အနော်ရထာ (အေဒီ ၁၀၄၄-၁၀၇၇)
(၂)။ ဂြီဝဇြာဘရဏ ၊ မင်းလုလင်၊ စောလူး (အေဒီ ၁၀၇၇-၁၀၈၄)
(၃)။ ထိလိုင်မင်း ၊ ကျန်စစ်သား (အေဒီ ၁၀၈၄-၁၁၁၃)
(၄)။ ပထမ စည်သူ၊ အလောင်း စည်သူ (အေဒီ ၁၁၁၃-၁၁၆၀)
(၅)။ ဤမ်တဝ်သျင်၊ နရသူရ၊ နရသူ (အေဒီ ၁၁၆၀-၁၁၆၅)
(၆)။ ဒုတိယစည်သူ၊ နရပတိစည်သူ ( အေဒီ ၁၁၆၅-၁၂၁၁)
(၇)။ နာတောင်မျာ၊ ဇေယသွတ် (အေဒီ ၁၂၁၁-၁၂၃၁)
(၈)။ နရသိင်္ဃဥဇ္ဇာနာ (အေဒီ ၁၂၃၁-၁၂၃၅)
(၉)။ က္လစွာ၊ကျစွာ (အေဒီ ၁၂၃၅- ၁၂၄၉)
(၁၀)။ ဥစ္စနာ (အေဒီ ၁၂၄၉-၁၂၅၆)
(၁၁)။ မင်ယန် (အေဒီ ၁၂၄၉- နန်းသက်-၂ လ)
(၁၂)။ တတိယစည်သူ၊ နရသီဟပတိ၊ တရုက်ပ္လိယ် (အေဒီ ၁၂၅၆-၁၂၈၇)
မှတ်ချက်။ ဤ မင်း လက်ထက်တွင် မွန်ဂို စစ်တပ် တို့ ပုဂံ ကို လာရောက် တိုက်ခိုက် ၍ မွန်ဂို တရုတ် တို့ လက်မှ ထွက် ပြေး တိမ်းရှောင်ရလေသည်။ ပုဂံ ကို အလုံးစုံ သိမ်းယူ နိုင်သော် လည်း ရှေးမင်းဆက် ကိုပင် ပြန်လည် ထူထောင် ပေးခဲ့ကြပါ သည်။
(၁၃)။ ရှယ်နန်သျှင်၊ ကျော်စွာ (အေဒီ ၁၂၇၉-၁၂၉၇)
(၁၄)။ မင်းလုင်စောနှစ် ၊စောမွန်နစ် ( အေဒီ ၁၂၉၇- ၁၃၃၄) တို့ဖြစ် ပါသည်။
ပုဂံ မင်းနေပြည်တော်မှာ ဗဟို ချုပ်ကိုင်မှု ကင်းကွာပြီး သူတစ် လူ ငါတစ်မင်းဖြစ်လာကြကာ အတွင်းပိုင်း လှိုက် စားသော အန္တရာယ် အပြင် ပြင်ပ က လာရောက် တိုက်ခိုက် မှုများကြောင့် ဖြစ်သည်။ ပုဂံခေတ် မပျက်သုန်းမီ ကပင် အင်္သချာင်္ (အသင်္ခယာ) ၊ ရာဇသင်္ကြန်၊ သီဟသူရ ရှမ်းညီနောင်သုံးပါး တို့မှ မြင်စိုင်း အရပ်၌ ပင်းယခေတ် ကို တည်ထောင်ပြီးဖြစ်လေသည်။
(င) ပုဂံခေတ် ဆိုင်ရာ ကိုးကွယ်မှု။
ဘာသာရေး ကိုလည်း ပျူတို့ ထံမှ ဆက်ခံ ခဲ့မည်ဟု ယုံကြည်ရပါ သည်။ မိရိုးဖလာ နတ် ကိုးကွယ်မှု ကို လည်း မစွန့်လွှတ် ခဲ့ကြပေ။နတ်ကိုးကွယ်မှု သည် သရပါ တံခါးရှိ အစောင့် နတ်မင်းက သက်သေပင် ဖြစ်သည်။
ခရစ်နှစ် ၁၁ ရာစုတွင် ပုဂံ ရှိ မြန်မာ တို့သည် ဗုဒ္ဓ သာသနာ ကို သက်ဝင်ယုံကြည်ပြီး ဖြစ်နေလေသည်။ မြေပုံ ဘုရားမှ စာ တွေ့ အရ ဗုဒ္ဓ ကို ကိုးကွယ် သလို၊ ဗောဒိသတ္တ ကိုလည်း ကိုးကွယ်သည်။ ခရစ်နှစ် ၁၁ ရာစုက ပုဂံရှိ မြန်မာတို့သည်ဗုဒ္ဓ သာသနာကို မဟာ ယာနဂိုဏ်းနှင် ဟိနာယာနဂိုဏ်း နှစ်မျိုးလုံး ကိုးကွယ်ကြသည်။
နိုင်ငံတော် ဆိုင်ရာ အခမ်းအနား များတွင် ဗြဟ္မဏ အယူဖြင့် ဟူးရား ခေါ် ပုဏား က အခါပေး၊ ဘိသိတ် ဆက်၊ ထိမ်းမြား လက်ထပ်ပေး စသည်ဖြင့် နတ်ပသ ခြင်းကိုလည်း လက်ခံလေ့ရှိသည်။ ပုဂံခေတ် အစော ပိုင်းနှင့် အလယ်ပိုင်း တို့ တွင် လူ အများစုမှာ စာဖတ်တတ်ခြင်း မရှိသေး၍ ဇာတ်တော် များ၊ တရားတော်များကို ဂူဘုရားများ ၏ နံရံတွင် ပန်းချီရေးဆွဲ သရုပ် ဖော်ထားခြင်းဖြစ်ပါသည်။
ပိဋိကတ် သုံးပုံ မှာ ထိလိုင်မင်း လက်ထက် ကုန်ခါနီး မှ သီဟိုဠ် မှ ရသည် ဟု ကျောက်စာ တွင် ရေးထိုး ခဲ့ ပေသည်။ ပါ ဋိ ဘာသာ တတ်ကျွမ်းသော ရဟန်းတော် များကို မြန်မာ ဘာသာ ပြန်စေ၍ ပါဋိသဒ္ဒါ ကို အလေး ပေး သင်ကြားစေပြီး သဒ္ဒါ ကျမ်းများ ကိုရေးသား ခဲ့ပေသည်။
(စ) ပုဂံခေတ် ဆိုင်ရာ သာသနိက အဆောက်အအုံများ။
ပုဂံ အကြောင်း ဆိုလျှင် မပါ မဖြစ်မှာ ရှေးဟောင်း သမိုင်းဝင် ဒေသ ရှိ စေတီပုထိုး များ အကြောင်းပင်ဖြစ် သည် ။ အမျိုးသား စည်းလုံး ရေး မှာ ထိရောက်စွာ အောင်မြင်ခဲ့သော ရလာဒ် အဖြစ် သာသ နိက အဆောက် အအုံ များကို အပြိုင်အဆိုင် ဆောက်လုပ် လှူ ဒါန်းခဲ့ နိုင်သည် ။
ပုဂံ ခေတ်ပြည့်ရှင်မင်းများ သည် ဘုရားကျောင်းကန်များ ဆောက်လုပ် လှူဒါန်းကြပြီး သာသနာ့  ဒါယိကာ အဖြစ် ကို ဂုဏ်ယူမြတ်နိုးစွာ ခံယူကြလေသည် ။ ပုဂံ ပတ်ဝန်းကျင်ရှိ ဘုရား ၊စေတီ၊ ပုထိုးများ ကို နှစ် အနည်းငယ်း အတွင်း အင်တိုက် အားတိုက် တည်ထားခဲ့ သလောဟုမေးခဲ့လျှင် ။
ပုဂံခေတ် မှာ အနှစ် ၄၀၀ ကျော်ကြာမြင့် ခဲ့ရာ ဤမျှလောက် များပြားသော စေတီ ပုထိုး တည်နိုင်ရန် အချိန်ကောင်းကောင်း ရနိုင်ပါသည်။ လှည်းဝင်ရိုးသံ တစ်ညံညံ ဟူ၍ ၄၄၄၆၇၃၃ ဆူတော့ မရှိ၊ ရှေး ဟောင်းသုတေသန ဌာန မှ ရေတွက်ထား သဖြင့် ၂၂၁၇ ဆူ အတိအကျရှိပါသည်။
ကမ်းပါး မှာ ကျောက် ကမ်းပါး ဖြစ်၍ ကမ်းပြို သောကြောင့် ရေဆင်းသွားသောစေတီဟူလည်း မရှိနိုင်ပေ ။ စေ တီ အချို့မှာ အပျက်အစီး များ၍ အချို့ မှာ အပျက်အစီး သိပ်မရှိပေ။ စေတီ တို့မှာ စုစုပေါင်း မြေ ဧရိယာ ၁၆ စတုရန်းမိုင် အတွင်း ဖြန့် ကျက်လျှက် တည်ရှိနေပေသည်။ စေတီ၊ ပုထိုးများ ကို မည်သည့် မင်း တည်ခဲ့ သည် ဆိုသည်ထက် တည်ထားပုံ လက်ရာ နှင့် သဏ္ဍာန်ဖြင့် ခွဲခြားလျှင်ပို အဆင်ပြေမည်ဖြစ်၍ အကျမ်းဖျင်း ဖော်ပြရသော်..........................
(၁)။ ခရစ်နှစ် ၁၀ ရာစု တည်ထားသော ရှေး အကျဆုံးစေတီ (ထူပါ) သည် အိန္ဒိယ ဆန်ချီ (ထူပါ) ပုံ သဏ္ဍာန် အတိုင်း စက်ဝိုင်း ထက်ခြမ်း၊ ကြက်ဥပုံ လုံးလုံး တည်ထား ကိုးကွယ်ကြသည်။
(၂)။ ထူပါ ပုံသဏ္ဍာန် မုန်းပေါင်းပုံ ကုန်းကြီး ကို ခါးရှည်ပေးလျှက် မီးပြောင်းပုံ လုံးလုံး ရှည်ရှည် နှင့် ပျူ၊သရေခတ္တရာ ပုံစံ ယူလျှက် တည်ထား ကိုးကွယ်ကြသည်။ ( ဥပမာ... ဗူး ဘုရား၊ ငကျွဲ နား တောင်း၊ လောကနန္ဒာ)
(၃)။ နောက်ပိုင်း တွင် သပိတ်မှောက်၊ သင်္ကန်းပတ် တို့ ကို ခေါင်း လောင်းပုံ / ဘဲဥ ပုံ အသွင်နှင့် စေတီများကို တည်ထား ကိုးကွယ် ကြသည်။ ( ဥပမာ.... ရွှေစည်းခုံ၊ ရွှေဆံတော်၊ မင်္ဂလာစေတီ။)
(၄)။ မူလ ဟိန္ဒူကျောင်း ကို အလားတူ ပုံစံ ပြန်လည်ပြုပြင်၍ ဂန္ဓကုဋီ တိုက် အဖြစ် ကိုး ကွယ်သည်။ ( ဥပမာ ... စေတနာကြီး။)
(၅)။ သီဟိုဠ်ကျွန်း( သီရိလင်္ကာ ) ပုံစံ ကို တိုက်ရိုက် ယူပြီး တည် ထား ကိုးကွယ်ကြသည်။( ဥပမာ။ ဆပဋနှင့် ပေပင်ကျောင်း)
(၆)။ ဂူဟ ဆိုတဲ့ တောင်ကြောပေါ်က သဘာဝ လှိုင်ဂူ ကို အတုယူ ပြီး ဗုဒ္ဓရုပ်ပွားတော် ကိန်းဝပ် စံပယ် ဖို့ တည်ထား ကိုးကွယ်ခဲ့ ကြသည်။
(၇)။ မြောက် အိန္ဒိယ လက်ရာ အတိုင်း တည်ထား ကိုးကွယ်ကြ သည်။( ဥပမာ။ အာနန္ဒာ)
(၈)။ ဗဟို အိန္ဒိယ လက်ရာ အတိုင်း တည်ထား ကိုးကွယ်ကြ သည်။( ဥပမာ။ မဟာဗောဒိ)
(၉)။ တောင် အိန္ဒိယ လက်ရာ အတိုင်း ပြသာဒ် များဖြင့် တည်ထား ကိုးကွယ်ကြ သည်။ ( ဥပမာ။ ကန်တော့ပလ္လင်၊ စူဠာမုနိ)
(၁၀)။ အဇန္တပုံစံ ကို အတု ယူ၍ ဥမင် လို့ခေါ်တဲ့ ကမ္မဌာန်းထိုင် နိုင်သော ပုံစံဖြင့် တည်ထား ကိုးကွယ်ကြ သည်။ ( ဥပမာ။ ကျောက်ကူး ဥမင်၊ ကျန်စစ်သား ဥမင်)
(၁၁)။ ပိဋကတ် သုံးပုံ အဖွင့်ကျမ်း များ ထားသိုရန် ရည်ရွယ်၍ သီမ (သိမ်) ၊ ပိဋကတ်တိုက် ပုံစံဖြင့် တည်ထား ကိုးကွယ်ကြ သည်။
(၁၂)။ ကိစ္စ တစ်မျိုးထက် ပို၍ အသုံးပြုနိုင်ရန် ရည်ရွယ်ချက်ဖြင့် တည်ထား ကိုးကွယ်ကြ သည်။( ဥပမာ.... သဗ္ဗညု ဘုရားဟာ ဘုန်း ကြီးကျောင်း၊ ပိဋကတ်တိုက်၊ ဘုရားကျောင်း၊ စေတီ စသည်ဖြင့် လေးမျိုး အသုံးပြုနိုင်ပေသည်။)
(၁၃)။ အလင်း၊ အမှောင်၊ မလင်းမမှောင် အခြေ အနေဖြင့် စေတီ ကို တည်ထား ကိုးကွယ်ကြ သည်။ ( ဥပမာ။ ပုဂံ ခေတ်ဦး ဘုရားကျောင်း အတွင်းပိုင်းဟာ မှောင်နေတတ်သည် ။ ( အဘယ်ရတနာ)၊
ခေတ်နှောင်း ဘုရားကျောင်း အတွင်းပိုင်း များ တွင် မြင်သာ ထင်သာ လင်းလင်း ထင်းထင်း ရှိသည် ။ ( သဗ္ဗေညု) ကြားကာလ ဘုရားတွင်တော့ မလင်းမမှောင် ပုံစံရှိသည် (အာနန္ဒာ) )
(၁၄)။ စေတီ အကြီး ပြိုကျ၍ ပေါ်တော်မူ ဟု လူသိများသော ပုဂံ ခေတ် မူလဟန် အပြည့်အဝ ရှိသော စေတီလေးများ လည်းရှိ သည်။
ဘုရားထီး/ မကိုဋ် သည် မြန်မာ တို့၏ မူပိုင် တီထွင်မှု ဖြစ်ပြီး ခရစ်နှစ် ၁၄ ရာစုနှစ်ရောက်မှ ဘုရားစေတီ တို့တွင် အသုံးပြု သည်ဟု မှတ်သားရပါသည်။ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်း များကို အုတ် သက်သက် နှင့် အပြင် ၊ အုတ်နှင့် ကျွန်းသစ်ရော၍ လည်း တည်ဆောက်လေ့ရှိပါသည်။
ပိဋကတ် ပရိယတ္တိ ကိစ္စကို ဦးစားပေးလေ့ ရှိပြီး စာသင်ကျောင်းများကို ကျောင်းဦးစေတီ၊ ပိဋ ကတ်တိုက်၊ ဓမ္မသာလ ခေါ် ရဟန်း တို့တရားဟောပြောရာနေ ရာ၊ ရဟန်းတွေ ဥပုသ် ပဝရနာ ပြုသောသိမ် ကျောင်း ထိုင် သီတင်း သုံးရာကျောင်း တိုက် တို့ကို တံတိုင်း တစ်ထပ်ဖြင့် ဝန်းရံထားသည်။
အပြင် တံတိုင်းအတွင်း စာသင် ရဟန်းငယ် တို့အတွက် သီးခြား အရန်ကျောင်းဆောင် များကို ဆောက်ပေးထားသည်။ တရား တော် များကျင့်ကြံရန် ပဋိပတ္တိ ကျောင်းများကို နောင်တွင် တည် ဆောက်လာခဲ့သည်။
(ဆ) ပုဂံ ဘုရားကျောင်းများတွင် တွေ့ရတတ်သော တံဆိပ် လက္ခဏာ ရည်ညွှန်းချက်။
ပုဂံ ဘုရားကျောင်း များတွင် တွေ့ရတတ်သော အလှဆင် ပစ္စည်း များကို ပဒုမ္မာကြာဖြူ၊ ကောကနဒ ကြာနီ ပွင့် ၊ အရွက်၊ အရိုး၊ အခွေ၊ အလိပ် ပုံစံ တို့ဖြင့် ဂူဘုရား နံရံ၊ မျက်နှာကြက်၊ မုခ် အဝင်၊ အထွက်ပေါက် တို့မှာ တွေ့ရပါသည်။
အလှ သဘောနှင့် ရည်ညွှန်းရာ ယှဉ်တွဲနေပြီး ကြာပန်း ဆိုသည် စင်ကြယ်ခြင်း၊ သန့် ပြန့်ခြင်း၊ မွှေးမြခြင်း အပြင် ကြာ ၏ ဂုဏ်သတ္တိ ရွှံ့ညွှန် ထဲမှ သန့်စင်ကြီးကြယ်သော အဓိပ္ပါယ် ကိုပါ ယူထားသည်။ ပန်း အခွေ အလိပ် " ဝလုံး " သည် အဆုံးမရှိ သဘောကို ရည်ညွှန်းပါသည်။
မာန်နတ် ၏ သမီး သုံးယောက်သည် လောဘ ၊ဒေါသ ၊မောဟ၊
စင်္ကြာ ပုံသည် မြတ်စွာဘုရား တရား ဦးဟောပုံ၊
ပလ္လင်၊ ဗောဓိ ၊ခြင်္သေ့၊ မီးတောက် မီးလျှံ၊ သည် သဗ္ဗညုတ ဥာဏ်တော် ရပုံ
နွားလား မှာ ဖွားမြင်ချိန်၊
ဆင်ဖြူတော် မှာ ပဋိသန္ဓေ ယူပုံ
မြင်း ပုံမှာ တောထွက်ခန်း၊
သိရီနတ်သမီး သည် ကျက်သရေ ဆောင်ရာ၊
ဘီလူး သည် အစောင့် အရှောက်၊
အမိ၊ အဖသည် အသိနှင့် လက်တွေ့၊
ဖောင်းရစ်သည် ဖြစ်ခြင်း၊ ပျက်ခြင်း စသည် ဖြင့် လက်လှမ်း မီရာ တံဆိပ် လက္ခဏာ ရည်ညွှန်းချက် ကို တင်ပြ လိုက်ပါသည်။
အိန္ဒိယ အရင်းခံ ပုံပြင်၊ လက်ရာ များဖြစ်နေ၍ ခြေဟန်၊ လက်ဟန်၊ အဝတ်က အစ အိန္ဒိယ အငွေ့ အသက် မကင်းပေ။ လူသဏ္ဍာန် ၏ လက်ဟန်၊ ခြေဟန်၊ အမူအရာ နှင့်လည်း သရုပ်ဖော် တတ်ပါသည်။
(ဇ) ပုဂံခေတ် လောကီဆိုင်ရာ အဆောက်အအုံ။
ပုဂံခေတ် တွင် အရှင်သခင် မင်းတရား စံတော်မူရာ အဆောက်အအုံ ကို အိမ်တော် ဟုခေါ်သည် ။ အိမ်တော်/ နန်းတော်ကြီး ကို ကျွန်းသစ်ဖြင့်သာ ဆောက်လုပ်လေ့ ရှိသည်။ အိမ်တော်သည် အရှင် ဘုရင် နေထိုင် ရာ အဆောက် အအုံဖြစ်၍ ကြီးကျယ် ခမ်းနားလှမည် ဟု ထင်လျှင် မှားပေမည် ။
၎င်းတို့ ဆောက်လုပ် လှူဒါန်းထားသော ဘုန်းကြီးကျောင်း များ လောက် ပင် ထည်ဝါမှု မရှိချေ။ အမိုး ကို လည်း ပျဉ် အုတ်ကြွပ်၊ မြေအုတ်ကြွတ်ဖြင့် မိုးပါသည်။ အိမ်တော် ကို တံတိုင်း ၊ ကျုံးဖြင့် ဝန်းရံသည်။ တံတိုင်းတစ်ဖက် တွင် အဝင်ပေါက်နှင့် တံခါး သုံးခုစီ ထားလေ့ ရှိသည်။
မြို့တော် ၏ အဝန်းအဝိုင်း မှာ တစ်မိုင် စတုရန်း နီးပါးရှိသည်။ အိမ်တော်ကား ထိုအဝန်း အဝိုင်း ၏ အလယ် ဗဟိုတွင် ရှိသည်။ ထိလိုင်မင်း ၏ နန်းတည်ကျောက် စာ အရ နန်းတော် ကို ပစ္ဆရံ ငါးဆင့်၊ ဘုံ ငါးဆင့်နှင့် အလယ် ပြသာဒ် ကြီး တစ်ဆောင်၊ ဘုံ သုံးဆင့်နှင့် လေးမျက်နှာ ပြသာဒ်ငယ် လေးဆောင် စသည်ဖြင့် တည်ဆောက် ထားသည်။
ပြသာဒ်ငယ်လေးတွေနဲ့ ရေချိုးဆောင် ၊ ပလ္လင်ဆောင် ၊ဇေတဝန်ဆောင် ၊ အမိုး ၏ အလယ် ပေါ်တစ်ဆင့်ပါသော ဝင်းတံခါး လေးပေါက်တို့ ပါရှိပါသည် ။ တံခါးနှင့် ပြတင်းတွေ မှာ စုလစ် မွန်းချွန် များ တန်ဆာ ဆင်ယင် ထားပါသည်။ ပင်မ အဆောင် ကို တောင်မြောက် အကန့် နှင့် တစ်ကွ၊ ရာဇပလ္လင် ထားရှိရာ အရှေ့ ခန်းနှင့် စုရုံးရာ အနောက် ခန်း တို့လည်း ပါဝင်ပေသည်။
ဤပြသာဒ် ကြီး ကို အခြွေအရံ အ သင်းအပင်း တို့ နေစရာ အဆောင် ဆောင်နှင့် တွဲလျက် တည် ဆောက်ထား ပါသည်။ နံရံဆေးရေး ပုံအရ ဆိုလျှင် ပြသာဒ် ဆောင်မ သည် ဘုံ အဆင့်ဆင့်ဖြစ်၍ တစ်ဆင့် ထက် တစ်ဆင့် ငယ် သွားရာ ပြသာဒ် ထိပ်ဖျားသည် ချွန်သော သဏ္ဍာန်ဖြစ်နေပေ သည်။
အရှေ့တောင် အာရှ တွင် အတွေ့ များသော ပုံသဏ္ဍာန် ဖြစ်ပြီး ခမ်းနားထည်ဝါမှု ရှိလှပေသည်။ ဆောက်လုပ်ရေးတွင် ထိပ်တန်း အလေးထားကြသည်မှာ နတ်ကန်တော့ခြင်း၊ နေ့ကောင်း ရက်သာရွေးခြင်း နှင့် လောက အစီအရင် တို့ဖြစ်သည်။
ပုဂံခေတ် အတွင်း နန်း အသစ် တည်ဆောက် ခဲ့သော ဘုရင် မှာ ထိလိုင်မင်းနှင့် ဤတဝ်သျင် မင်းနှစ်ပါးဖြစ်သည်။ ပုဂံခေတ် ဆိုင်ရာ လူနေ အဆောက်အ ဦး တို့မှာ သစ်၊ ဝါး၊ သက်ငယ် တို့နှင့်သာ တည်ဆောက်ထားပါ သည်။
(ဈ) ပုဂံခေတ် ဘာသာစကားနှင့် စာ အရေးအသား ။
အနိရုဒ္ဓ လက်ထက်က နိုင်ငံသုံး၊ မင်းသုံး ဘာသာစကား မှာ သက္ကတ၊ ပါဠိ နှင့် မွန် ဖြစ်ပါသည်။ ဝဇြာဘရဏ (စောလူး) လက်ထက် တွင် ပါဠိ ကို အသုံးများသည်။ မွန် ဘာသာဖြင့်လည်း အနည်း အ ပါးရေးသည် ။ ထိလိုင်မင်း( ကျန်စစ်သား) လက်ထက်တွင်တော့ မွန်ဘာသာ ကို ထူးထူးခြားခြား အသုံးများ သည်။
ထိလိုင်မင်း ၏ သားတော် ရာဇကုမာရ် ကတော့ မွန် ၊ မြန်မာ၊ ပျူ၊ ပါဠိ လေးမျိုး သုံးခဲ့သည်။ ထိလိုင်မင်း ၏ မြေးတော် ပထမစည်သူ ( အလောင်း စည်သူ) လက်ထက်တွင် ပါဠိ ဘာသာ ကို ကောင်းမွန်ခံ့ညား အောင် စီကုံးရေးစေ၍ သက္ကတဖြင့် နိဂုံးရေးသည်။ မွန်ဘာသာ ကိုလည်း လက်မလွှတ်သေး၊ မြန်မာစာနှင့် ကျောက်စာများ လည်းတွေ့နိုင်သည်။
ဒုတိယ စည်သူ လက်ထက်တွင်တော့ မြန်မာဘာသာ ကို အဓိက အလေးပေးခဲ့သည်။ ပျူ ဘာသာ ကွယ်ပျောက် သွားပြီး၊ မွန် ဘာသာ ကတော့ ပျောက်လု နီးပါး ဖြစ်နေပေပြီ။ သက္ကတ ဘာသာ ကိုမူ သိသူ ရှားပါးလျက်ရှိပြီး၊ ပါဠိ ဘာသာသည် ကား ရဟန်း တို့သာ အသုံးပြုကြတော့သည်။
စာအရေးအသား ကိုလေ့လာရလျှင်လည်း ပျူ၊ မွန်၊ မြန်မာ စာ တို့ သည် ဗြဟ္မီ အက္ခရာ ပုံစံ ကို ယူပြီးရေးသားခြင်းဖြစ်၍ ဗြဟ္မီစာ ရေး သလို ဘယ်ဘက် မှ ညာဘက် သို့ရေးသား သည်ကိုတွေ့နိုင်ပါ သည်။ ပျူစာရေးနည်း ကို ပုဂံခေတ် အထိ မတိမ်ကောပဲ ဆက် လက် သုံးစွဲလျက်ရှိသည်။
သို့သော် မြန်မာစာရေးနည်းကိုမူ တောင်ပိုင်း အိန္ဒိယ ကာည္စိပူရ ရေး နည်း ကို မဲနမ်မြစ်ဝမ်း၊ ဒွါရဝတီ ဖက်မှသွင်းလာသော မွန်စာရေးနည်း ကို ဆက်ခံပါသည်။ စာလုံး ပေါင်းရာမှာ အက္ခရာကို သုံးပြီး အသံထွက် အတိုင်း ရေးရခြင်း ဖြစ်၍ အိန္ဒိယ အက္ခရာနှင့် လိုချင်တဲ့ ပုံစံရအောင် ရေးယူရာမှာ လို အပ်၍ တည်ထွင်ရခြင်း မျိုးလည်း ရှိပေသည်။
ရိုးရာ ဓလေ့ကို ရှေး အခါက သားစဉ် မြေးဆက် နှုတ်တက် အာဂုံဆောင် ထိမ်းသိမ်း လာပြီး ခရစ်နှစ် ၁၃ ရာစုရောက်မှ စာနှင့် ချရေးခဲ့ပေသည်။ ကနဦးတွင် မွန် ယဉ်ကျေးမှု လွှမ်းမိုးမှု ကို သိသာ ထင်ရှားစွာ တွေ့  နိုင်ပြီး နောက်ပိုင်း တွင် သီရီလကာင်္ နန်းတွင်း ၏ သြဇာအာဏာ အတော်ပင် သက်ရောက်ခဲ့  သည်ကို လေ့လာတွေ့ ရှိရ ပေသည်။
(ည) ပုဂံခေတ် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု။
တိုင်းပြည် ၏ ပဓာန စီးပွားရေးမှာ စိုက်ပျိုးရေးဖြစ်သည်။ ဆည်ရေ သောက်လယ်များသည် အဓိက ပင်မ စီးပွားရေး လုပ်ငန်းဖြစ်၍ အထွက် ပိုလျှံလာသော အခါ စားသုံးရ မကုန်နိုင်ပဲ စီးပွားရေး အမြင်ဖြင့် ရောင်းချရန်ဟူသော သဘောများ ဝင်လာနိုင်သည်။ ရေ လုပ်ငန်း၊ ဆား လုပ်ငန်း၊ ကျောက်သံ ပတ္တမြား တူးဖော်ရေး လုပ်ငန်း ၊ငွေ၊ ခဲ ၊ကြေးနီ ထုတ်လုပ်ရေး လုပ်ငန်းများလည်း လုပ် ကိုင်ဟန် ရှိပေသည်။
အနိရုဒါ လက်ထက် တွင် နိုင်ငံတစ်ကာနှင့် ဆက်ဆံရေးပြေပြစ်ခဲ့ပေသည်။ ထိုမင်း လက်ထက်တွင် မြန်မာတို့သည် တောင်ဘက် မလေး၊ အနောက်ဘက် အိန္ဒိယ ၊ အိန္ဒိယမှ တစ်ဆင့် အာရေဗျ ၊ မြောက်ဘက် တရုတ် ၊ အရှေ့ဘက် ဖုနန် (ကမ္ဘောဇ) အထိ ကုန်းလမ်း၊ ရေလမ်း အဆက်အသွယ်ပြု လျက် ရှိနေပေပြီဖြစ်သည် ။
မြစ်ဝကျွန်းပေါ်ဒေသ ကို အလိုပြည့် ရာမှ သီဟိုဠ်နှင့် လည်း ဆက်ဆံရန် အခွင့်အရေး ရခဲ့ပေသည်။ အိန္ဒိယ မှ ဆေးဘက်ဝင် ပစ္စည်းများကို တင်သွင်းလျက် ရှိနေပေပြီ ဖြစ်သည် ။ ထိလိုင်မင်း လက်ထက် တွင် လည်း မွန်-မြန်မာ ချစ်ကြည်ရေးကို ဦးစားပေး ခဲ့၍ မွန်သွေးပါ သော မြေးတော်ကို နန်းမွေပေးခဲ့ပေသည်။ ခရစ်နှစ် (၁၀၀၄) နှင့် (၁၀၀၆)တွင် တရုတ် တို့နှင့် သံ အဆက်ဆံပြု ခဲ့ပါသည်။
ပုဂံခေတ် အကပညာ သည် ပျူတို့ ထက်သာ လွန်သည် ။ လူ ကိုယ်တိုင် ကပြဖျော်ဖြေသလို အရုပ်ကို ကြိုးဆွဲ၍လည်း ဖျော်ဖြေတတ်ကြသည်။ မင်းခမ်း မင်းနား များတွင် ပျူ ဆိုင်းဝိုင်း၊ မွန် ဆိုင်းဝိုင်း၊ မြန်မာ ဆိုင်းဝိုင်း များနှင် အသုံးတော် ခံလေ့ရှိပေသည်။
ပုဂံခေတ် ဝတ်စား ဆင်ယင်ပုံ။
အိန္ဒိယ ယဉ်ကျေးမှု ကို ပင် လက်ခံ၍ အိန္ဒိယ အဝတ် တစ်ချို့ကို အခြေခံလျက် မြန်မာ့ ဓလေ့နှင့် ကိုက်ညီအောင် တီထွင် အသုံးပြု လာပါသည်။ ပုဆိုး၊ လုံချည် စသည်ဖြင့် တောင်ပိုင်း အိန္ဒိယ ဓလေ့ ကို အတု ယူခဲ့ ကြ ပါသည် ။
စလွယ်နှင့် ခြေနင်း တို့သည်မှာ လည်း ဤနည်း လည်းကောင်းပင်ဖြစ်သည်။ ပွဲလမ်း တက်ရောက်သောအခါ ဝတ်ဆင်ပုံ မှာတော့ တရုတ် ပုံစံ နှင့် ဆင်တူပေသည် ။ ပုဂံခေတ် အမျိုးသား တို့မှာ ကိုယ် အထက် ပိုင်း တွင် အဝတ်ရှည် တစ်ခုကို ကိုယ်လုံးတွင် ဘယ်ညာ ပတ်၍ ဘယ် ပုခုံးပေါ်တွင် ရှေ့စ နောက် စနှစ်ခုလုံးတင်ထား၍ အောက် ပိုင်းတွင် ပုဆိုးကို ခါးတောင်းကျိုက် ထားပါသည်။
အမျိုးသမီး တို့မှာ ရင်စည်းနှင့် ခါးစည်း နှစ်မျိုး သာ ဝတ်ဆင် ထားပေသည်။ အမျိုးသမီး ကိုယ်ဝတ် မှာ တို၍ ဗိုက်သား ပေါ်နေသည်။ အောက်ပိုင်း တွင် အဝတ်စ တစ်ခုကို အိန္ဒိယ အမျိုးသမီး တို့ဝတ် သော ဒိုတီကဲ့သို့ဝတ်ဆင်ပေသည်။ ပွဲလမ်း များတွင် ပုဝါကို ရင်သိုင်း ၍ အစ ကို နောက်တွင် ချထား သော ပုံစံ မျိုး ဝတ် ဆင်ကြပေသည်။
မင်းတို့သည် သရဖူဆောင်း ၍ နားတွင် နားကင်း၊ နားတောင်း ပန်ထားသည်။ ဆံပင်ရှည် ကို အမျိုးသမီး ကဲ့ သို့ပင် ထုံးဖွဲ့ထားသည် ။ ကိုယ်၌ ရုံသော အဝတ်မှာ စောင်ကြီး တစ်ထည် ဖြစ်ပေမည်။ ပုဂံခေတ် မိဖုရားကဲ့သို့ ၊ အထက်တန်း အမျိုးသမီး တို့သည် ဇာနား ပါသော လက်တို ခါးတို ကိုယ်ကျပ် အင်္ကျီ ဝတ်လျက် ထိုအင်္ကျီ မှာ အောက်ဖက်ပိုင်းတွင် အလွန်တို ၏။
အောက်ပိုင်း အဝတ်မှာ ထမီနှင့် မတူပဲ ၊ ဒိုတီ ကဲ့သို့ အဝတ်နှင့် ဆင်တူသည်။ ထို အထက်တန်း အမျိုး သမီး မှာ ဆံပင် ကို နောက်တွဲ ချ၍ လှပသော ရတနာကျောက်မျက်ချယ် ရွှေ နဖူးစည်း ဆင်ယင်ထားသည်။ ပန်းပွင့်ကြီးနှင့် တူသော နား တောင်းကို ပန် သည်။ လည်ဆွဲတန်ဆာ ကို ဝတ်ဆင်သည်။ လက် ကောက်များ စွာ ကိုလည်း ဆင်ယင်ထားသည်။
ထူးခြားချက်မှာ အမျိုးသား၊ အမျိုးသမီး အားလုံးပင် လက်ဝတ်ရတနာများ ဆင်ယင်လျက် နံရံဆေးရေး ပန်းချီကားများ တွင် တွေ့ရသည်။ သနပ်ခါးသွေး၍ လိမ်းသော အလေ့ မှာ ပုဂံခေတ် ကပင် ရှိ သည် ကိုတွေ့ရပေ သည် ။
ပုဂံ နှင့် ဗဟုသုတ အစုံစုံ။
ပုဂံ ခေတ်မှာ ခရစ် ၉ ရာစု မှ ခရစ် ၁၃ ရာစု အထိ နှစ်ပေါင်း ၄၀၀ ကျော် ရှိပါသည်။ ပုဂံခေတ်ဦး ကို စာ အထောက် အထား ရှိချိန်မှ စ ပြီး ခရစ် ၁၁ ရာစု အထိ၊ ခေတ်လယ် ကို ခရစ် ၁၂ ရာစုနှစ် အထိ၊ ခေတ်နှောင်းကို ခရစ် ၁၃ ရာစု ထိဟု အကြမ်းဖျဉ်း သတ်မှတ်နိုင် ပါသည်။
နိုင်ငံ ဟူသော ဝေါဟာရ မှာ ပုဂံခေတ် တွင် စတင် လာ ခဲ့ပြီး တိုက်ခိုက် ၍အောင်နိုင်သော မှ "နိုင်" ထိုအောင် နိုင်သော ဒေသ တို့မှ သမီး ကညာ ဆက်၍ ရည်ငံ ရာ မှ "ငံ"နှစ်ခုပေါင်း၍ နိုင်ငံ ဟူသော ဝါဟာရကို အသုံးပြုလာခဲ့သည် ။
Akar hyoe
Tin Maung Hlaing
Subscribe to:
Post Comments (Atom)
No comments:
Post a Comment