မွေးတစ်နေ့
သေ တစ်ရက်
အဲဒီ နှစ်ရက်ကကျောခြင်းကပ်
လောကရဲ့အကန့် အသတ်တွေကြား
ခြေဖဝါးနဲ့ လမ်းလျှောက်နိုင် ဖို့
ဝမ်းလျားမှောက်ပြီး
လေးဘက်ထောက်နိုင်ခဲ့ရတယ်လေ……။
"ရပ်နိုင်ပေ့" ရပ်နိုင်ပေ့"
အမေတွေရဲ့အားပေးစေ့ဆော်ချက်
ကမ္ဘာမြေ ဆင်းသက်မယ့်ခြေဖဝါး နုနု
သွေးခြည်ဥလည်း
ပန်းပုဖယောင်း
သွန်းလောင်းစမို့
မစောင်းမရွှဲ့ တည့်တည့် မတ်အောင်
ရာထောင်ခြေလှမ်း
မညည်းနွမ်းဘဲ
မယိုင်လဲစေဖို့……
ခိုင်မြဲစေဖို့……
အမေတို့ဘဲ…သင်ပေးခဲ့ကြတယ်လေ…။
ခုတော့… …
ရပ်နိုင်နေတဲ့ ခြေအစုံတွေက
လူသား အချင်းချင်းခေါင်းပုံဖြတ်
သူဌေးဘွဲ့ ဂုဏ်ထူးတပ်
လူနပ်…လူလည်
(မြန်မာပြည်မှာ)ဝင့်ထယ်နေကြတယ်လေ…။
တစ်ချို့က… …
ညီအကိုမောင်နှမ
တိုင်းရင်းသား အချင်းချင်း
အမွေလု… အာဏာလု
နှလုံးစက် အတုတွေ နဲ့
ဝေစုတွေ…ခွဲနေကြတယ်လေ…။
တစ်ချို့က……
လုပ်ဖော်ကိုင်ဖက် အချင်းချင်း
သပ်တွေသျှိုသွင်း
ထမင်းနပ်မှန် ဖို့ထက်
ရာထူးတက်ဖို့ အရေး
ရောင်စုံ မျက်နှာပေးတွေနဲ့
သွေး အေးအေး
ရွှေရေး ပန်းကန် တက်ကြ တယ်လေ…။
တစ်ချို့က……
သီတင်းလွှေ့လွှေ့
ပေါင်းဖက်တွေ့ကြတဲ့
ဆွေမျိုး တစ်ဖော် အကျော်ဇေယျ
ပြည်သူတွေ မရတဲ့စည်းစိမ်
တိုက်တာ အိုးအိမ်
ကောင်းကင် က"တိမ်"တွေအထိ
စရံ စတိတွေပေးလို့
ဈေး ညှိနေကြတယ်လေ…။
အမေ တို့ရယ်……
ကျွန်တော်တို့ အတွက်
"အမေတွေ"ပေးမယ့် လက်ဆောင်
အဆောင်အယောင်မဟုတ်
"'ပဲပြုတ်နဲ့ နံပြား"'
စားချင်တဲ့……
ကလေး
များများ မွေးပေးမှ
အဲဒီလို လူမျိုးတွေ နဲ့ "ဝေး" ဝေးမှာလေ……။ ။
ဖေဖော်ဝါရီလ (၁၃)ရက်နေ့ ကလေးများနေ့ အားကြိုဆို ဂုဏ်ပြုလျက်
(ကိုရွှေကေဇာ)
9-2-2015
10:39 pm
No comments:
Post a Comment