Tuesday, December 10, 2013

စိတ်ဓာတ်ကျနေရင် ဒါလေး ဖတ်ပါ



သူငယ်ချင်း တစ်ယောက်က လုပ်သမျှတွေ အဆင်မပြေလို့ စိတ်ညစ် တဲ့ အကြောင်း စာရေးသူကို လာပြော ပြ ပါတယ်၊ ဒါနဲ့သူ့ကို စိတ်ဓာတ်ခွန်အား တိုးပွားစေဖို့ စကား တစ်ချို့ပြောဖြစ် ပါ တယ်၊
 

ခု သူငယ်ချင်း ကိုပြောပြဖြစ်တဲ့ စကားလေး တစ်ချို့ကို စာဖတ်သူတွေကို မျှဝေချင်တာပါ၊ လူတိုင်း စိတ်ညစ်ကြ ပါတယ်၊ စိတ်ဓာတ် ကျကြပါတယ်၊ လူငယ်တွေမှာ အများဆုံး စိတ်ဓာတ်ကျ ရတဲ့ အကြောင်းကတော့ အချစ်ရေး မပြေလည်လို့ဖြစ်တာ များပါတယ်။ 

လူလတ်ပိုင်းတွေကြပြန်တော့ အိမ်ထောင်ရေး၊ စီးပွားရေး အဆင်မပြေကြလို့ စိတ်ဓာတ် ကျ ရတာများပါ တယ်၊ လူကြီးပိုင်းတွေကြပြန် တော့ သားသမီး ကံမကောင်းလို့ ကျန်းမာရေး မ ကောင်းလို့ စတဲ့ အကြောင်းတွေကြောင့် စိတ်ဓာတ် ကျရပါတယ်၊ 

 တရားဝင် သုတေသန လုပ်ထားတာတော့ မဟုတ်ပါဘူး၊ ဖြစ်လေ့ဖြစ်ထ ရှိတတ် တာလေး တွေကို   ခန့်မှန်းခြေ နဲ့ ပြောပြကြည့်တာပါ၊ မှားသွားရင်လည်း ဆောရီးပါ လို့ ကြိုတင်တောင်းပန် ထားပါရစေ၊ 

ဘာပဲဖြစ်ဖြစ် လူတိုင်းဟာ တစ်နေ့နေ့ တစ်ချိန်မှာတော့ စိတ်ဓာတ်ကျ၊ စိတ်ညစ်ကြရတာပဲ မဟုတ်လား၊ စိတ်ညစ်တဲ့ အခါ ဘယ်လိုဖြေဖျောက်ကြမလဲ များသော အားဖြင့် အရက်သောက် လိုက်ကွာလို့ ပြောကြမယ် ထင်ပါတယ်၊ အရက်သောက်လို့ တစ်ကယ် စိတ်ညစ်တာတွေက ပြေပျောက်သွားပါသလား စိတ်ညစ်လို့ အရက်သောက်ဖူးသူတိုင်း သိပါတယ်၊ တစ်ကယ်မ ပြေပျောက်ပါဘူး၊ 

အရက်သောက်တဲ့ အ တွက် အမှားတွေ ထပ်ဆင့်ပြုလုပ်မိပြီး စိတ်ညစ်စရာတွေ ထပ်ဆင့်တိုး ဖို့သာများ ပါ တယ် ၊ ဒါဆို စိတ်ညစ် ရင် ဘယ်လိုလုပ်ကြမလဲ၊ ဘယ်လို ရင်ဆိုင်ကျော်လွှားကြမလဲ ။ လွယ်ပါတယ် စာဖတ် သူရယ် လွယ်တယ် ပြောလို့ဆက်မဖတ် ချင်တော့ဘူးလား၊ လွယ်ပေမဲ့ ခက်ပါတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီ အရာက မိမိ ကိုယ်တိုင် လိုက်နာ ကျင့်သုံးရတာမို့ပါ၊ ဒါပေမဲ့ အချိန်တော့ ယူရမယ်နော်၊ ခုရေတွင်းတူး ခုရေကြည် သောက်ဆိုသလိုတော့မဖြစ်နိုင်ဘူးလေ၊

 မြစ်ကမ်းဘေးကိုရောက်ဖူးကြတယ်မို့လား၊ ကမ်းဘေးမှာ ရေမ တက်အောင်၊ ရေမတိုက်စားအောင် မြေတွေ အုတ်တွေ ဖို့ထားတယ်မို့လား၊ အဲဒီလို ဖို့ထားတာ ကာထား တာတွေဟာ ရေတွေ မတက်ခင် ကြိုတင်လုပ် ထားရတာလေ ရေတွေ တက်လာမှလုပ်နေရင် ဘယ်မှာ နိုင်တော့မှာလဲ အားလုံး စုန်းစုန်မြုပ်တော့မယ်ပေါ့၊ ဒါကြောင့် ကြိုတင်ပြင်ဆင်ထားခြင်းက တိုက်ပွဲ ရဲ့တစ်ဝက်ကိုနိုင်ထားခြင်းပါ ။

 ကောင်းပြီ လေ ဘယ်လိုပြင်ဆင်ကြမလဲ၊ ဘာနဲ့ပြင် ဆင်ကြမလဲ၊

 ♦ ဥပမာလေးတွေနဲ့ပြောကြည့်ချင်ပါတယ်၊ မြတ်စွာဘုရားရှင် ဘုရားမဖြစ်ခင် ကာလ လေး တစ်ခုမှာ ပါ၊ မဟာဗောဓိပင်အောက်မှာ ဘုရားဖြစ်တော်မူရန် ကျင့်ကြံနေတဲ့ အချိန်မှာ အားလုံးသိကြမယ် ထင်ပါ တယ်၊ မာ၇်နတ်မင်းကြီး လာရောက်နှောက်ယှက်တယ်လေ ။

 စဉ်းစားကြည့်ပါ စာဖတ်သူရယ် အဲဒီ အချိန် မှာ ဘုရား အလောင်းတော်နား ဘယ်သူမှ မရှိခဲ့ဘူးလေ၊ ဘုရားအလောင်းတော် တစ်ပါးတည်းပေါ့၊ မာ၇်နတ် မင်းကြီး ဘက်ကြတော့ သူကိုယ်တိုင်က လက်ရုန်း ပေါင်းတစ်ထောင်နဲ့လေ၊ ပြီးတော့ နောက်လိုက် တပည့်စစ် သည်တွေ ကလည်း အများကြီးလေ၊ မာန်နတ် မင်းကြီးက ဂီရိမေခလာ ဆင်ကြီး ကို စီးလို့လေ၊ ဘုရားအလောင်းတော်က မဟာဗောဓိပင်အောင်မှာ က တစ်ပါးတည်းလေ၊ 

♦ ဒီကြားထဲ မာန်နတ်မင်းက “ သိဒ္ဓတ္ထ ပလ္လင်ပေါ်က အမြန်ဆင်းလော့”စတဲ့ ရန်စကားတွေနဲ့ အမနာပ စတာတွေ ပြောကြားသေးတာလေ၊ တွေးကြည့်ရင် ကြက်သီးဖြန်းဖြန်း ထချင်စရာကြီးပါ စာဖတ်သူရယ် ၊ ဘာကြောင့်လဲ ဆိုတော့ ဘုရားအလောင်းတော်ဘက်မှာ သက်သေပြစရာ ဘာရယ်မှ မရှိဘူးလေ၊ တစ်ကယ့် တစ်ကယ် ပိုင်ဆိုင်တာ မှန်ပေမဲ့ ဘယ်မှာလဲသက်သေ၊ ဘယ်မှာ စာချုပ်စာတမ်း၊ ဘယ်မှာလဲ ဂရမ်၊ မှန်ကန်ပေမဲ့ ကြံကြံဖန်ဖန်တွေနဲ့တွေ့တော့ တစ်ခါ တစ်ခါ အမှန်အကန်တွေလည်း ခံသွားရဖူးတဲ့ သာဓ ကတွေ ရှိခဲ့ဖူးတယ် မို့လား ၊ 

ဒါပေမဲ့ ဘုရားလောင်းမှာ တစ်ခု တည်းသော သက်သေက ဟောဒီ မဟာပထ၀ီမြေကြီးပဲ ရှိခဲ့တယ်လေ၊ ဘုရားအလောင်းတော်ဟာ တစ်လောကလုံးကို ပို့သနေတဲ့ မေတ္တာတွေကိုလည်း မာန်နတ်မင်းဆီ ကိုလဲ ပို့ သထားပါတယ်၊ နောက် မဟာပထ၀ီမြေကြီးကို လက်ညှိုး ညွှန်ပြပြီး “ဤ မဟာပထ၀ီမြေကြီးသည် ငါပြုသမျှ ကောင်းမှု အစုစုအား သက်သေ အရာ၌ တည်ပါစေသား”လို့ သစ္စာ ဆိုလိုက်ပါတယ်၊ 

သစ္စာ ဆိုလိုက်တာနဲ့ တပြိုင်နက် မဟာပထီမြေကြီးက သက်သေ အရာမှာ တည်တဲ့ အလား သွက်သွက် ခါအောင် လှုပ်ရှားသွားပါတယ်၊ အဲဒီအချိန်ကျမှ မာန်နတ်နဲ့ သူ့စစ်သည် အပေါင်းအပါတွေလည်း ထွက်ပြေး သွားကြပါတယ် ။ အဲဒီလို သစ္စာဆိုနိုင်တာက လည်း ကောင်းမှုပြုတိုင်း ဟောဒီ မဟာပထ၀ီမြေကြီးကို သက်သေ အရာထားပြီး ရေစက် သွန်းချခဲ့လို့ပါ၊




 ပြောချင်တာကတော့ တစ်ကယ် အရေး တစ်ကယ့်ဘေးကြတော့ ကိုယ်ပြု ခဲ့တဲ့ကောင်းမှု တွေက ကိုယ်ရဲ့ အားကိုးရာနဲ့ ကိုယ် ပို့တဲ့မေတ္တာတွေက ကိုယ်ရဲ့ထာဝရ မိတ်ဆွေကောင်းတွေပါ၊ စာဖတ် သူကပြော မှာပေါ့ ဘုရားလောင်းမို့လို့ပါကွာလို့၊ အဲဒီလိုထင်နေရင် စာဖတ်သူကျေနပ် သွား အောင်နောက် ထပ် ဥပမာလေး တစ် ခု ထပ်ပြောပြပါဦးမယ်၊ 

 ♦ ခုပြောပြမဲ့ ဥပမာလေးက လူတောင် မဟုတ် ပါဘူး တိရစ္ဆာန်လေး တစ်ကောင်ရဲ့ တစ်ကယ့် အဖြစ်အပျက်ပါ၊ ကမ္ဘာဦးကဖြစ်ပျက်ခဲ့တာပါ၊ ဒီလိုပါ ....   တစ်ခါက တောကြီး မျက်မည်းထဲမှာ အဖေ အမေ တွေနဲ့ အတူနေ တဲ့ ငုံးပေါက်စလေး တစ် ကောင်ရှိခဲ့ပါတယ်၊ ငုံးပေါက်လေးက ငယ်သေးတော့ ဘယ်ကို မှကောင်းကောင်း မပျံနိုင်ပါဘူး၊ အစာလည်း မရှာနိုင်ပါဘူး၊ 

တစ်နေ့ ကံဆိုးချင်တော့ တောမီးကြီး  ထလောင်ပါတယ်၊ ဒီအချိန်မှာ တော ကောင်တွေ အားလုံး မီးလွတ် ရာကိုပြေးကြပါတယ်၊ ငုံးပေါက်စလေးရဲ့အဖေနဲ့ အမေလည်း မီးလွတ်ရာ ကိုပြေးသွားပါတယ်၊ လောင်နေ တဲ့မီးလျှံတွေကြားမှာ အတောင်မရှိလို့ မပျံနိုင်တဲ့ ငုံးပေါက်စလေး တစ် ကောင် ထဲ ကျန်နေခဲ့ပါ တယ်၊ တွေး ကြည့် ပါ ။ အဲဒီလို အချိန်မျိုးမှာဆိုရင် စာရေးသူရော စာဖတ်သူပါ တစ်ကယ်ရင် ဆိုင်နေ ရရင် ခိုက်ခိုက်တုန် အောင်ကြောက်ပြီး အီးအီးတွေ၊ ရှူးရှူးတွေပါနေမှာပါ၊ မီးတွေက ဒီလောက် အားကောင်းနေ တာလေ၊ ပူလည်းတော်တော် ပူနေမှာပါ၊ 

ဒါပေမဲ့ ငုံးပေါက်စလေး ဘာလုပ်တယ် ထင်ပါ သလဲ စာဖတ်သူရေ၊ ဆက်မဖတ်သေးပဲနဲ့ နဖူးပေါ်လက်တင် ထားပြီး ခဏလေးတွေးကြည့် လိုက်ပါနော်၊ 

♦ ကဲ စာဖတ်သူ ဦးနှောက်ခြောက်နေပါဦးမယ်၊ ဒီလိုပါ စာဖတ်သူရယ်၊ ငုံးပေါက်စ လေးက ကြောက်နေတဲ့ စိတ်တွေ၊ ကျနေတဲ့ စိတ်ဓာတ်တွေကို တစ်ခဏခြင်း စုစည်းလိုက်ပြီး၊ ခုလို သစ္စာဆို ပါတယ်“ ငါ့မှာ အမိ အဖ ရှိ ပါ၏ ၊ ဒီမီးမှ လွတ်အောင် သူတို့ မကယ်နိုင်ပါ အတောင်ရှိပါ၏ သို့သော် မပျံနိုင်ပါ၊ ဤသစ္စာစကား မှန်ကန်ပါက ဤတောမီးသည် ငြိမ်းပါစေသား” အံသြစရာကောင်းပါတယ် စာဖတ်သူရေ၊ အဲဒီလို သစ္စာဆိုလိုက်တာနဲ့ တပြိုင်နက်တောမီးက ရေနဲ့ ပက်ဖြန်းငြှိမ်းသတ်လိုက်သလို ငြိမ်းသွားပါတယ်၊ ငြိမ်းရုံတင်မက အဲဒီနေရာကို ကမ္ဘာတည် သရွေ့ မီး ဘယ်တော့မှ မလောင်နိုင်ပါဘူး တဲ့၊ 

တစ်ခြားတန်ခိုး မဟုတ်ပါဘူး စာဖတ်သူ၊ သစ္စာ တန်းခိုးပါ၊ ဒါကြောင့် မာန်လည် ဆရာတော်ကြီးက လည်း “ကတိသစ္စာ၊ တည်သောခါဝယ်၊ သြဇာလေးနက်၊ပေါ်ဆီ တက်၍ ၊နွယ်မြက် သစ်ပင်၊ဆေး ဖက်ဝင်၏၊ သစ္စာနှုတ်သီး မန္တန်ကြီးကား သေပြီးသော်မှ ရှင်ပြန်ရ၏”လို့ ရေးဖွဲ့ထားတာပါ၊

 ♦ ဒါကြောင့်ပြောချင်ပါတယ် စာဖတ်သူရယ် ကိုယ်မှန်ရဲ့သားနဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့ အခါ၊ တစ်ယောက် တည်း ကူကယ်သူ မဲ့ပြီး စိတ်ဓာတ်တွေ အတုံးလိုက် အတစ်လိုက် ကျနေတယ်ဆိုရင် ကျန်တာတွေ သွား အားမကိုးပါနဲ့ ကိုယ်လုပ်ထားတဲ့ ကိုယ်ပိုင် ကုသိုလ်ကောင်းမှုတွေကို သစ္စာ ဆိုပြီး မေတ္တာ သာ များများပို့လိုက်ပါလို့။ ။ အော်မေ့တော့မလို့ စာဖတ်သူရေ သစ္စာ ဆိုလို့ ပါဠိ စကားလုံးကြီး၊ တရား စကားကြီး ဆိုပြီး  ကြောက် မသွားပါနဲ့ ။


သစ္စာဆိုတာ=မှန်တာကို မှန်တဲ့ အတိုင်းပြောဆိုတာပါ  လို့ မြန်မာလို ရိုးရိုးလေး တွေးပါနော် ၊

 မေတ္တာဆိုတာ ကတော့ ကိုယ့် အတွက် အကျိုးမမျှော်ပဲ သူ့ အကျိုးကို မျှော်ကိုးပြီး ကျန်းမာပါ စေ၊ ချမ်းသာပါစေ ပို့ဝေနေတာကို ဆိုတာပါ။ ။ 


 စာဖတ်သူအားလုံး စိတ်ဓာတ်ကျခြင်းမှ ကင်းဝေးကြပါစေ၊ 


[ရွှေမန်းသား အရှင်အကုင်္ရ(ကျောက်ဆည်)] သာသနာတက္ကသီလဓမ္မာစရိယ၊ 

Young Buddhist's Association



No comments:

Post a Comment