Friday, October 4, 2013

ပခုံးနှင့်မမျှအောင် လေးသော်လည်း ဘဝသည်ပစ်ချ၍မရ


”ဘေးဖယ်၊ ဘေးဖယ်”ဟူသည့် အသံနှင့် အတူ ထိုနေရာ၌ လူတစ်စု ခြေသံခပ်ပြင်းပြင်းဖြင့် ဒုန်းစိုင်းသွားနေကြသည်။ နက်ပြာရောင်တီရှပ် လက်ရှည်နှ င့် ဘောင်း ဘီရှည် များကို ညီတူဝတ်ဆင် ထားသည့် ထိုသူများတွင် ခန္ဓာကိုယ်တောင့်တင်းသူ မရှိသလောက် ရှားသည်။ သို့သော် ၎င်းတို့သည် ကိုယ်ခန္ဓာနှင့် မမျှသည့် အထုပ် အပိုးကြီး များကို ထမ်းပိုးရင်း အပြေးအလွှားသွားလာနေသည်။

နေရာမှာ မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်မြို့ရှိ မော်တင်ဆိပ်ကမ်း၊ တူညီဝတ်စုံဝတ် ဆင်ထားသော အလုပ်သမားများသည် ဆိပ်ကမ်း သို့လာရောက်ကပ်သော သင်္ဘော၊ စက်လှေများပေါ် သို့ ကုန်ပစ္စည်းအမျိုးမျိုးကို အတင်းအချပြုလုပ် နေခြင်းဖြစ်ပြီး ထိုသူများထဲ၌ အသက် ၂ဝ ခန့် လူငယ်များနှင့် အသက် ၅ဝ ကျော်လူကြီးပိုင်းများ ကိုလည်း တွေ့မြင်ရသည်။ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မှော်ဘီ၊ ထောက်ကြန့်အစရှိသည့်မြို့နယ်များ၌ စိုက်ပျိုးသည့် ဂေါ်ဖီထုပ်များ ခန့်မှန်းခြေအားဖြင့် ဂေါ်ဖီထုပ် ၃ဝ ခန့် ထည့် သွင်းထားသည့် ဆာလာအိတ်များကို ထမ်းပိုး၍ ဧရာဝတီတိုင်းသို့သွားရောက်သည့်သင်္ဘော ပေါ်သို့ တင်ဆောင်ပြီး မြိတ်၊ ကော့သောင်းသို့ သွားမည့် စက်လှေ များပေါ်သို့လည်း သံပီပါများကို တွန်းတင်နေကြသည်။


လေးပင်သောကုန်ပစ္စည်းများကို ထမ်းပိုးနေရ သော်လည်း ၎င်းတို့၏ မျက်နှာများကမူ အပြုံးမပျက်၊ အုပ်စုလိုက် စနောက်၍ပင် ကုန်ကားပေါ်ရှိ ပစ္စည်းများ သတ်မှတ်ရာ သင်္ဘော၊ စက်လှေပေါ်သို့ အမြန်ဆုံးရောက်ရှိရေးကို ခပ်သုတ်သုတ်လုပ်ဆောင် နေကြသည်။ မော်တင်ဆိပ်ကမ်း၌ ကွန်ကရစ်လမ်းမှ ရေ ပြင်ကျယ်ဆီသို့ တံတားလေး ငါးစင်းအပြိုင်ထိုးထား သည်။ သွပ်မိုးဖြင့် တံတားများရှိသကဲ့သို့ အမိုးမ ပါရှိသည့်တံတားများလည်းရှိရာ ရာသီဥတုဒဏ်ကို ၎င်းတို့အပြည့်အဝခံစားရမည်မှာ မလွဲ။

မိုးရာသီဖြစ်သဖြင့် နေသာနေရာမှ ရုတ်တ ရက် မိုးကရွာချလိုက်ရာ မြစ်ကိုဖြတ်စဉ်တိုက်သော လေနှင့်အတူ မိုးစက်မိုးပေါက်များက တံတား၏ နေရာအနှံ့စိုရွှဲသွားသည်။ အပြေးအလွှားသွားလာ နေသော ထိုလုပ်သားများကျဲသွားပြီး ငှက်လေးများ နားနေသလိုပင်တံတား၏အမိုးနှင့်နီးကပ်နေသည့် အမြင့်ဆုံးတန်း(ထုပ်တန်း)ပေါ်၌ အစီအရီ ထိုင်၍ မိုးခိုနေကြပြီ။ သူ့ အရပ်နှင့် သူ့ဇာတ်က အကိုက်။ မိုးရေစက်များကိုသုတ်ရင်း ထုပ်တန်းပေါ်မှ ဆင်းလာသူက”နေပူမိုးရွာဒီ လိုပဲ။ တော်ရုံနေမေ ကာင်း ဖြစ် တာ၊ ကိုက်ခဲတာလောက်ကတော့ ဆေးတစ်လုံး သောက်ပြီးအလုပ်လာဆင်းရတာပဲ” ဟုပြောသည်။

၎င်းသည်အသက် ၃ဝ ကျော်မှ စတင်၍ ယင်းအလုပ်ကို လုပ်ကိုင်ခဲ့ခြင်း ဖြစ်ပြီး လက်ရှိတွင် ၅၂ နှစ်သို့ရောက်ရှိပြီဖြစ်ကာ အသက် ၆ဝ ပြည့်ပါ ကလုပ်ငန်းခွင် မှနုတ်ထွက် ရမည် ဖြစ်သည်။ သို့ သော် ၎င်းတို့အနေဖြင့် အခြားအစိုးရ ဝန်ထမ်းများ ကဲ့သို့ ပင်စင်အကျိုးခံစားခွင့်မရှိ။ နေ့စဉ်ရရှိသည့် လုပ်အားခမှ လူမှုဖူလုံရေး ကြေး ၂ ရာခိုင်နှုန်း၊ ကရုဏာကြေး ၆ ရာခိုင်နှုန်း ဖယ်ထားခံရပြီး နာမကျန်းဖြစ်ပါက လူမှုဖူလုံရေး ထည့်သွင်းငွေဖြင့် လူမှုဖူလုံရေးဆေးခန်းများ၌ ကုသ မှုခံယူနိုင်ခြင်းနှင့် အလုပ်ထွက်ပါက ကရု ဏာကြေး ထည့်သွင်းထားငွေကို ပြန်လည်ထုတ်နိုင်ခြင်းစသည့် ငါးကြင်းဆီနှင့်ငါးကြင်းကြော်သည့် အကျိုးအမြတ် ရလဒ်သာ ၎င်းတို့အတွက်ရှိသည်ဟု လုပ်သားများ က ပြောသည်။

”ကရုဏာကြေး ခံစားခွင့်ကလည်းဗျာ လုပ် သက် ၅ နှစ်မှရတာပါ။ လုပ်သက်နည်းတဲ့သူဆိုမပေး ဘူး။ ၅ နှစ်ဆို တစ်သိန်းကျော်လောက်ပဲရတာ။ ဒါက ထွက်တော့ တစ်ခါ ပဲပေးတယ်”ဟု လုပ်သက် ၅နှစ်ပြည့်လုနီး ကုန်တင်ကုန်ချအလုပ်သမားတစ်ဦး က ၎င်းတို့ခံစားချက်ကိုပြောရင်းထိုအချက်မှာ မဖြစ်သင့်ကြောင်း ရင်ဖွင့်သည်။ သို့သော် အလုပ်အကိုင်ရှားပါးမှုနှင့် ပညာ အရည်အချင်းနည်းပါးမှုတို့ကြောင့် ရရာအလုပ် လုပ်ကိုင်နေရသည့်အပေါ် ၎င်းတို့အနေဖြင့် စော ဒကတက်ရဲသည့် အခြေအနေမရှိ။ ၎င်းတို့ မှာ အစိုးရဌာနတစ်ခုဖြစ်သည့် အလုပ်သမား၊ အလုပ် အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန လက်အောက် မှ အလုပ်သမားများဖြစ်သဖြင့် အခြားအစိုးရ ဝန် ထမ်းများ ကဲ့သို့ ပင်စင်ခံစားခွင့်နှင့် အစိုးရမှ မြေ ကွက်ချထားပေးလာရန်မှာ သူတို့၏ အတောင့်တ ဆုံးအိပ်မက်ဖြစ်သည်ဟု ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး ကုန်တင်ကုန်ချအ လုပ်သမားဥပဒေကို ယခုနှစ်၊ စက်တင်ဘာလ ၂ဝ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအေ ဝးတွင်အတည်ပြုလိုက်သည်။ အတည်ပြုလိုက်သော ဥပဒေတွင် ထိုလုပ်သားများ ၏ အိပ်မက် အသက်ဝင်မှု မရှိခဲ့။ သို့သော်ဥပဒေကြမ်းရေးဆွဲမှုတွင် တိုင်းကော် မတီဖွဲ့ စည်းရာ၌ အလုပ်သမားကိုယ်စားလှယ်များ ပါဝင်မှုမရှိခဲ့ဘဲ ဥပဒေအတည်ပြုချိန်၌ ဥပဒေကြမ်း စိစစ်ရေးကော်မတီ၏ ထောက်ပြမှုဖြင့် ရွေးကောက် ခံအလုပ်သမား ကိုယ် စားလှယ် ၃ ဦးအဖွဲ့ဝင်အဖြစ် ပါဝင်ရန် ဖြစ်လာခဲ့သည်။

အတည်ပြုလိုက်သော ကုန်တင် ကုန်ချဥပဒေ ၌ အခန်း ၁၃ ခန်းနှင့် ပုဒ်မ ၃၈ ခုပါဝင်သည်။ အခန်း ၄၊ ပုဒ်မ ၇ ၊ အပိုဒ်ခွဲ (င) တွင် လုပ်သားများ အား ဒေသန္တ ရကုန်ေ ဈးနှုန်းနှင့်အညီ လိုက်လျော ညီထွေရှိမည့် လုပ်ခနှုန်းထားများပေးဆောင်ရန် အချက်ပါဝင်သည်။ သို့သော်ယင်းကို ဒေသဆိုင်ရာ အာဏာပိုင်များ ၏ခွင့်ပြုချက်ဖြင့် သာညှိနှို င်းဆောင် ရွက်၍ အတည်ပြုရမည်ဟု ဥပဒေ၌ ထပ်ပိုး၍သတ် မှတ်ထားသည်။ ခေတ်ကာလနှင့်အညီ ပြောင်းလဲ လာသော ငွေကြေးစနစ်အပေါ် လုံလောက် သည့် လုပ် အားခမဖြစ်မနေ ပေးဆောင်ရန်ဟု ဥပဒေ၌ အတိအလင်း ထည့်သွင်းထားမှု မရှိပေ။ မော်တင်ဆိပ်ကမ်း၌ပင် ဧရာဝတီတိုင်းဒေသကြီးမြစ်ဝကျွန်းပေါ်သို့သွားသော သင်္ဘော များနှင့် မြိတ်၊ ကော့သောင်းသို့သွားသော ကမ်းရိုးတန်းသွား စက်လှေများပေါ်သို့ ကုန်တင်ကုန်ချပြုလုပ်၍ရသော ကုန်ပစ္စည်းများအတွက် ရရှိသော တန်ဆာခမှာ မတူညီ။

မြစ်ဝကျွန်းပေါ်ပို့မည့် အရက်ဖာအကြီးအတွက် တန်ဆာခ ၁၇ဝ ကျပ်ရရှိသော်လည်း ကမ်းရိုးတန်း သို့သွားမည့် စက်လှေများပေါ်သို့ တင်ဆောင်ခမှာ ငွေကျပ် ၇ဝခန့် သာရ ရှိသဖြင့် ဈေးနှုန်း ညီတူ သတ်မှတ်ပေးရေးကို ကမ်းရိုးတန်းသွား စက်လှေ များ၌ ကုန်တင်ကုန်ချပြုလုပ်နေသည့် လုပ်သားများ ကအရေးဆိုထားသည်ဟု ကြားသိရ သည်။ သို့သော် ညီတူခံစားခွင့်ကိုယနေ့အထိမရရှိသေးပေ။

ယင်းဖြစ်ရပ်ကို ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးအောင်က အစိုးရအနေဖြင့် လုပ်သားများအတွက် တန်းတူဝန်ဆောင်ခ သတ် မှတ်ပေးနိုင်ရေး ရှိမရှိကို (ပြီးခဲ့သည့် စက်တင်ဘာ၌ ကျင်းပခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး)တွင် မေးမြန်းခဲ့ရာ ၂ဝ၁၂ ခုနှစ် တွင် သတ်မှတ်ထားသောနှုန်းထားထက် ၂ဝ ရာ ခိုင်နှုန်းထပ်မံ တိုးမြှင့်ထားပြီး နှစ်စဉ်တစ်နှစ်လျှင် တစ်ကြိမ် တန်ဆာခများတိုးမြှင့် သတ်မှတ်သွားရန် စိုက်ပျိုးရေးနှ င့် မွေးမြူရေးဝန်ကြီး ဦးစိုးမင်းက ကတိပြုခဲ့သည်။ သို့သော်ဝန်ကြီး၏အဆိုအရ မြစ်ဝကျွန်းပေါ် နှင့် ကမ်းရိုးတန်းသွားရေယာဉ်များပေါ်သို့ တင် ဆောင်ရသော ကုန်ပစ္စည်း များအတွက် ဝန်ဆောင်ခ ညီတူသတ်မှတ်နိုင်ရေးမှာ အကောင်အထည်ပေါ် လာနိုင်သည့် အခြေအနေမရှိသေးပေ။

ကမ်းရိုးတန်းသွား စက်လှေများမှာ ကုန်တန် ချိန်အများအပြားကို ကုန်သည်အနည်းငယ်မှ တင် ဆောင်ခြင်းဖြစ်ပြီး ဧရာဝတီတိုင်းသွား သင်္ဘောများ ၌ ကုန်တန်ချိန် အနည်း ငယ်သာပါဝင်သော်လည်း ကုန်သည်ဦးရေအများအပြားမှ တင်ဆောင်ခြင်းဖြစ် သဖြင့် တန်ဆာခဈေးနှုန်းကို ညီတူထားရှိရေး ညှိ နှိုင်း၍မရနိုင်ဟု ဝန်ကြီးက ဆို သည် ။ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်သား ၃၄ဝဝ ကျော်ရှိသည့် ကုန်တင်ကုန်ချအလုပ်သမား များသည် လခစားဝန်ထမ်းများမဟုတ်၊ နေ့စားလုပ် သားများဖြစ်ပြီး ကုန်တင် ကားများအကျနည်း သည့်ရက်များ၌ လက်ဗလာဖြင့်သာ အိမ်ပြန်ကြရ သူများဖြစ်သည်။”ကျွန်တော်တို့က လမ်းမတော်မြို့နယ် ကုန် တင်ကုန်ချဌာနခွဲ ၂လေ၊ လုပ်သားက ၂ဝဝလောက် ရှိတယ်။ ၁၆ယောက်ကို တစ်ဂိုဏ်းဖွဲ့ထားတော့ ၁ဝဂိုဏ်းလောက်ရှိတယ်”ဟု ဦးထွန်းလင်း (အမည် လွှဲ)က ပြောသည်။

မော်တင်ဆိပ်ကမ်းသို့ လာရောက်လုပ်ကိုင် သော ကုန်တင်ကုန်ချ အလုပ်သမားများမှာ မြို့ စွန်များမှ လာရောက်မှုများပြီး နံနက် ၈ နာရီအ ရောက်ကော်မတီရုံးသို့ လာရ သည်။ ရုံးသို့ ရောက် ရှိပါက အလုပ်ခန့်အပ်စဉ်က ဝန်ထမ်းများအားပေး ထားသည့် နံပါတ်ပြားများကိုထပ်၍ မဲစနစ်ဖြင့် အုပ်စု(ဂိုဏ်း) ခွဲရေးစတင်သည်။ ကံကောင်းပါက နံ ပါတ်စဉ်စောသည့် အသုတ်ထဲသို့ပါပြီး ကံခေ သည့်နေ့များတွင် နောက်ဆုံး နံပါတ်များရရှိသည် ဟု ဦးထွန်းလင်းက ဆိုသည်။

နောက်ဆုံးနံပါတ်ကျရောက်ပြီး ကုန်ကားအ ကျနည်းပါက ကုန်ထမ်းရန် အခြေအနေမပေးတော့ ဘဲ ရှေ့ဂိုဏ်းများဖြင့်လုပ် ငန်းပြတ်သွား သဖြင့် ရေ သောက် ၍ ပြန်ရ သည့်နေ့ရက်များကလည်း ၎င်း၏လုပ်သက်နှစ် ၂ဝ အတွင်း ရက်ပေါင်းမနည်းတော့ဟု ပြောပြသည်။

”အသွားအပြန် ကားခကုန်ရုံပေါ့။ ဒီအလုပ် ကြမ်းကို အာဟာရမရှိရင် မလုပ်နိုင်ဘူးဆိုတော့ အပေါင်းအသင်းတွေဆီက ၅ဝဝ လောက်ချေးငှား ပြီး ထမင်းစားရတဲ့ အခါ လည်းရှိတယ်။ ပညာမ တတ်တဲ့အခါကျတော့ ဒီအလုပ်ကိုပဲ ရေရှည်လုပ် လာတာ။ သားသမီးလေးယောက်ရှိတယ်။ သူတို့ ကျောင်းစရိတ်ကို အဓိကရှာရတော့ ဝမ်းရေး ကို တော့ ရှက်ရှက်နဲ့ပြောရရင် ချဉ်ပေါင်ဟင်းတစ် လှည့် ကန်စွန်းရွက်ကြော်တစ်လှည့်နဲ့ ဖြေရှင်းလာ တာ”ဟုဦးထွန်းလင်းက ရင်ဖွင့်သည်။ ၎င်းစတင်လုပ် ကိုင်ခဲ့ သည့် ၁၉၉ဝကျော်ခုနှစ် များကို ပြန်ကြည့်လျှင် ယခုထက်တော့ အတန်အ သင့်ပြေလည်ခဲ့သည်ဟု ဆိုသည်။ တစ်နေ့ ၂၅ဝဝ၊ ၃ဝဝဝဖြင့် မိသားစုစား ဝတ်နေရေး ဖြေရှင်း၍ ရ သည်။ လုပ်ငန်းသဘောအရ တန်ဆာခခွဲဝေရာတွင် ဘောတိုင်မှူး (လုပ်သားများအား ကြီးကြပ်ကွပ်ကဲ ပေးသူ) သို့ ပေးဆောင်ရ သည့်ဝေစုမှာလည်း ယခု ထက်နည်း သည်ဟု ၎င်းက ပြောပြသည်။

”အလုပ်သမားမှူးဖြစ်သွားရင်တော့ လုပ် သားတစ်ဦး (၅ဝဝဝ)ဆိုရင် အလုပ်သမားမှူးက ၃ဝဝဝဝ လောက်ရတယ်။ ဒါပေမဲ့ အလုပ်သမားမှူး တွေက ခေါ်ဖို့မရှိပါဘူး။ ၁၉၉၂ ခုနှစ်တုန်းကတော့ ခေါ်တယ်။ ဒါပေမဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း တွေပဲရခဲ့တာပါ။ သာမန်လူကတော့ ဘယ်လောက် ပဲ အစွမ်းထက်နေနေ မှူးဖြစ်မလာပါဘူး”ဟု လုပ် သက်ကြာမြင့်သော်လည်းဒုံရင်းဘဝမှ တက်မလာ သည့်၎င်း၏အဖြစ်ကို ပြောပြသည်။ ကုန်တင်ကုန်ချ လုပ်ငန်းအတွက် အသက် အရွယ်မရွေးလုပ်ငန်း လုပ်ကို င်ခွင့် ရှိပြီး အသက် ၂ဝကျော်မှ ၆ဝခန့် အထိလုပ်သားများ လုပ်ကိုင်မှုရှိ ကြောင်း၊ လုပ်သားခေါ်ယူမှုမှာ ရှားပါးပြီး နှစ်အ တန်ကြာမှသာ တစ်ကြိမ် ခေါ် ယူလေ့ရှိသည် ဟု လုပ် သားများထံမှ သိရသည်။

”လွန်ခဲ့တဲ့ တစ်လ၊နှစ်လလောက်ကပဲ လူ ၅ဝ လောက်ခေါ်တယ်။ မခေါ်တာ ၄၊ ၅ နှစ်ရှိပြီ။ ထွက်တဲ့လူတွေများသွားလို့ခေါ်တာ။ များသော အားဖြင့် ဒီအလုပ် မှာ နှစ်ရှည် လုပ်တဲ့ သူတွေ များပါတယ်” ဟု လုပ်သက် ၅ နှစ်ရှိ ကုန်တင် ကုန် ချ အလုပ်သမား ဦးစိန်သောင်း (အမည်လွှဲ) က ပြော သည်။ ၎င်းသည် အဆိုပါလုပ်ငန်းတွင် လုပ်သက်နု လုပ်သား တစ်ဦးပင် ဖြစ်သည်။ သူ၏ကနဦးအသက် မွေးလုပ်ငန်းမှာ နာရီပြင်ခြင်းဖြစ်ပြီး အိမ်ခန်းငှား ကာ ဆိုင်ဖွင့်ခဲ့သည်ဟု ဆိုသည်။ အိမ်ခန်းငှား ခများ ဈေး တက်လာ သဖြင့် အလီလီပြောင်းရွှေ့ခဲ့ရပြီး ¤င်း၏ ဆိုင်ပါ ပျောက်ချင်းမလှပျောက်ကာ အ ထမ်းသမားဘဝသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

”အခုတော့ လေးလလောက်ရှိပြီ။ အိမ်ငှားခ ပူစရာမလိုတော့ဘူး”ဟု ပြောသော သူ၏မျက်နှာ တွင် စိတ်အမောပြေသွားသည့်ဟန်ကို တွေ့လိုက်ရ သည်။အိမ်ငှားခမပူ ပင် ရတော့သည်မှာ ၎င်းတို့၏ အလုပ်မှရရှိသည့်အခွင့်အရေးမဟုတ်။ သန်လျင် မြို့နယ်ရှိ သဘာဝ တရားရိပ်သာဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဘုန်းကြီး ဦးဥတ္တမ က နေ ထိုင်စရာအ ခက်အခဲရှိသူများ ၎င်းကျောင်း၌ ၁၅ ရက်တရား လာထိုင်ပါက ၁၅ ပေပတ်လည် မြေကွက်တစ်ကွက် ပေးသည်ဟု ကြားသိရသည့်အပေါ် ၎င်းက ကြိုး စားအား ထုတ်ခဲ့ခြင်းဖြစ် ဖြစ်သည်။

”အဲဒီတုန်းက (သတင်းကြားတုန်းက) လှိုင် သာယာမှာငှားနေတာ။ လှိုင်သာယာကနေ မနက် ၅ နာရီလောက် သန်လျင်ကိုသွား ဟိုရောက်ရင် တစ်နာရီခွဲလောက် တရား ထိုင်၊ ပြီးရင် လမ်းမတော် အလုပ်လာဆင်း၊ ၁၅ ရက်နေတော့ ဦးဇင်းက တကယ်မြေကွက်ပေးတယ်။ ရောင်းစား/ပေါင်စား လို့တော့မရဘူး။ စည်းကမ်းသတ် မှတ်ထား တယ်။ ရ ရချင်းမဆောက်နိုင်သေးဘူး။ ဝါးခင်းဓနိမိုး ကိုတောင် တစ်သိန်းခွဲနှစ်သိန်းလောက်ကုန်ခဲ့တာ”ဟု ၎င်း၏ အဖြစ်ကို ပြောသည်။ ၎င်းနေထိုင်ရာ သန်လျင်မြို့နယ် ၁၈ ကုန်း အနီး သဘာဝတရားရိပ်သာ စေတနာရွာတွင် ၎င်းနှင့်ဘဝတူ အိမ်ထောင်စုတစ်ထောင်ခန့်ရှိနေပြီဖြစ်ကာ ဆရာတော်၏ စေတနာဖြင့် ၎င်းတို့ ဘဝတွင်အပူ အပင် များတစ်ဝက်ခန့် ငြိမ်းအေးသွား ပြီဟု ၎င်းကပြောသည်။

”ဆရာတော်ကတော့ မသေမချင်း နေလို့ရ တယ်ပြောထားတယ်။ မိသားစုဝင် တစ်ယောက် တရားထိုင်ရုံနဲ့ တစ်မိသားစုလုံးနေလို့ရတယ်”လို့ ၎င်းက ဆက်လက်ပြော သည်။ လောကီနှင့်ဝေးရာ ခရီးဆက်နေကြသည့် ပုဂ္ဂိုလ်များပင် ပုထုဇဉ်လူသားတို့၏ နေထိုင်ရေးအ ခက်အခဲကို ကာကွယ်စောင့်ရှောက် မှု ပေးနေ ရ ခြင်း သည် ပြည် သူဗ ဟိုပြုစနစ်ဖြင့် ရှေ့ဆက်မည်ဟု ကြွေးကြော်နေသော အစိုးရ၏ အားနည်းချက်နှင့် မျက်ကွယ်ပြုမှုကို မီးမောင်းထိုးပြနေသကဲ့သို့ရှိရာ လူထုအနာ ဂတ်ဘာလဲ … ဘယ် လဲဟု မေးရန်မှ တစ်ပါး …။


ဝေမာထွန်း


 From – Popular Myanmar News Journal

No comments:

Post a Comment