Tuesday, June 5, 2018
ကံဆိုးသလား ၊ ကောင်းသလား ဆိုတာ ဘယ်သူမှ မပြောနိုင်ပါဘူး
ဒီနေ့ ( ၂. ၀၆ .၂၀၁၈) ဆယ်တန်းအောင်စာရင်း ထွက်ပါသတဲ့။ ပျော်သူ၊ မော်သူတွေထက် နှစ်ဆရှိတဲ့ လူငယ်တွေကတော့ တိတ်တဆိတ်ကြေကွဲနေကြပါလိမ့်မယ်။ ဖြစ်လေ့ဖြစ်ထ ကိစ္စမို့ ဆယ်တန်း အောင်စာရင်းနဲ့ ပတ်သက်ပြီး အထူးပြောစရာမရှိပေမဲ့ တိုက်ဆိုင်လို့ပေါ်လာတဲ့ အမှတ်တရ ဖြစ်ရပ်တစ်ခု ကတော့ ပြတ်ပြတ်ထင်ထင် သတိရမိပါတယ်။
ကျွန်တော် ၂၀၀၂ ခုနှစ်က ဆယ်တန်းအောင်ပါတယ်။ အမှတ်စာရင်းထွက်လာတော့လည်း အားရစရာ မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော် အလွန်ပျော်ပါတယ်။ အလွန် ဂုဏ်ယူပါတယ်။ ဆင်းဆင်းရဲရဲနဲ့ အောင်ရလို့ ပိုပျော်လေသလား ပြန်တွေးမိပါတယ်။ ဆင်းရဲသားဖြစ်ရတာ ကောင်းတဲ့အချက်လည်းရှိပါတယ်။
တိုက်ဆိုင်လို့ သိုးဆောင်း ပုံပြင်လေးတစ်ပုဒ် သတိရမိပါတယ်။ ဘုရင်နဲ့ သမားတော်တစ်ဦး အကြောင်းပါ။ တောကစားထွက်ရတာ ဝါသနာပါတဲ့ ဘုရင်ဟာ သွားလေရာရာမှာ သမားတော်ကိုခေါ်သွားပါသတဲ့။ တစ်ရက်တော့ ဘုရင့်ရဲ့ လက်ချောင်းလေး တစ်ချောင်းမှာ ဒဏ်ရာရပြီး ပိုးဝင်ပါရောဗျာ။ သမားတော်လည်း ကြိုးစားကုပါတယ်။
“သမားတော်ရယ် ကိုယ်တော် ကံဆိုးလို့ထင်တယ်၊ ဒဏ်ရာက မသက်သာပါလား”
“မင်းကြီး ကံဆိုးသလား၊ ကောင်းသလားဆိုတာ ဘယ်သူမှ မပြောနိုင်ပါဘူး”
တောထဲမှာဖြစ်တော့ ဆေးဝါးကလည်း သိပ်မပြည့်စုံဘူး ထင်ပါတယ်။ ဘုရင်က အငြိမ်မနေတဲ့ ဘုရင်မျိုး ဖြစ်ပါလိမ့်မယ်။ တိုတိုပြောရရင် ဘုရင့် လက်ချောင်းလေးဟာ ပြန်မကောင်းတော့ဘဲ ဖြတ်လိုက်ရပါတယ်။ ကိုယ်လက်အင်္ဂါ ချွတ်ယွင်းသွားလို့ စိတ်တိုနေတဲ့ ဘုရင်က သမားတော်ကို ကျိန်းမောင်းပါတော့တယ်။ သမားတော်ကတော့ စကားတစ်ခွန်းကိုပဲ ထပ်ပြောပါတယ်။ .
“မင်းကြီး … ကံဆိုးသလား၊ ကောင်းသလားဆိုတာ ဘယ်သူမှ မပြောနိုင်ပါဘူး” တဲ့။
ဒီလောက်တောင် ဖြစ်တဲ့ သမားတော်ကွာ ဆိုပြီး ဘုရင်ဟာ နန်းတော်ပြန်ရောက်တော့ ထောင်သွင်း အကျဉ်းချလိုက်ပါတယ်။ သမားတော်ဟာ အရင်လိုပဲ စကားတစ်ခွန်းပြောပါတယ်။ “မင်းကြီး … ကံဆိုးသလား၊ ကောင်းသလားဆိုတာ ဘယ်သူမှ မပြောနိုင်ပါဘူး”
သမားတော်မပါလည်း ဘုရင် ကတော့ တောကစား ထွက်မြဲ ထွက်ပါတယ်။ တစ်ရက်တော့ အမဲလိုက်ရာ က နယ်ကျွံပြီး လူရိုင်းတွေက ဘုရင်ကိုဖမ်းမိသွားပါတယ်။ ဘာသာရေး အရ အထွတ်အမြတ်ပူဇော်ပွဲ တစ်ခုနဲ့ တိုက်ဆိုင်နေလို့ လူရိုင်းတွေဟာ ဘုရင်ကို ယဇ်ပူဇော်ဖို့ လုပ်ကြပါတယ်။
သတ်ကာနီးမှ နတ်ဆရာဟာ ဘုရင်မှာ ကိုယ်လက်အင်္ဂါ မစုံတာတွေ့ပြီး ပြန်လွှတ်လိုက်ပါတယ်။ ဘုရင် လည်း ကံဆိုးလို့ လက်ချောင်း ပြတ်တယ်။ ပြတ်တဲ့ လက်ချောင်းကြောင့်ပဲ ကံကောင်းပြီး အသက် ချမ်းသာရာ ရပါလားလို့ တွေးမိသွားပါတယ်။
နန်းတော်ပြန်ရောက်တဲ့အခါ သမားတော်ကြီးကို ထောင်က လွှတ်စေပါတယ်။ သမားတော်ကို ပြန်ပြီးတောင်းပန် တာပေါ့။ ဖြစ်တတ်တဲ့သဘောကို နားမလည်ဘဲ မောင်မင်းကို ထောင်ချမိတာ ခွင့်လွှတ်ပါပေါ့။ အဲဒီတော့ အမတ်ကြီးက...
“ မင်းကြီး … ကံဆိုးသလား၊ ကောင်းသလားဆိုတာ ဘယ်သူမှ မပြောနိုင်ပါဘူး။ မင်းကြီးသာ ထောင်မချရင် ကျွန်တော်မျိုးလည်း မင်းကြီးနဲ့ တောကစားထွက်တာကို လိုက်ရမယ်။ လူရိုင်းတွေဖမ်းတာ ခံရမယ်။ ပြီးတော့ မင်းကြီးဟာ ကိုယ်လက်အင်္ဂါ ချွတ်ယွင်းလို့ ယဇ်အပူဇော် ခံရတဲ့ဘေးက လွတ်မြောက်ရင် ကိုယ်လက်အင်္ဂါ ပြည့်စုံတဲ့ ကျွန်တော်မျိုးဟာ မင်းကြီးအစား ခံရပါလိမ့်မယ်။ ဒါကြောင့် ကံဆိုးသလား၊ ကောင်းသလားဆိုတာ ဘယ်သူမှ မပြောနိုင်ပါဘူး” တဲ့ဗျာ။
ဆင်းရဲသားဖြစ်ရတာ ကောင်းတဲ့အချက်လည်း ရှိပါတယ်။ ဆိုခဲ့တဲ့ ပုံပြင်လေးထဲကလို တွေးရင်ပေါ့ဗျာ။
ကျွန်တော့်မှာ အစ်ကိုတစ်ယောက်ရှိပါတယ်။ အသက်ငါးနှစ်လောက်ကွာပေမဲ့ မင်းကွာ၊ ငါကွာ ပြောတတ် ပါတယ်။ ဘယ်လောက် ညီညွတ်ချစ်ခင်သလဲ ဆိုတော့ မျက်နှာချင်းဆိုင်မိရင် ဆယ်ငါးမိနစ် ကျော်တာနဲ့ အလိုလိုရန်ဖြစ်ပါတယ်။
သူ့အသက် ၄၁ နှစ်၊ ကျွန်တော့် အသက် ၃၆ နှစ်။ မငယ်ကြတော့ပါဘူး။ ဒါပေမဲ့ တွေ့ရင်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးဆယ်က အတိုင်း ရန်ဖြစ်မြဲ ဖြစ်ကြတာပါပဲ။ ညီညွတ်တဲ့ကာလ အလွန်ရှားပါတယ်။ တစ်ခါပဲ ညီညီညွတ်ညွတ် တိုင်ပင်ခဲ့ဖူးပါတယ်။
အစ်ကိုကြီး ဆယ်တန်း။ ကျွန်တော်က ခြောက်တန်း။ မိဘတွေဟာ စီးပွါးပျက်ကြပါရော။ နေ့ဖို့ညစာတောင် မရှိတဲ့အဖြစ်ကို ရောက်ကြရပါတယ်။ မနက်စာစာပြီးလို့ ညစာဘယ်နေမှန်းမသိခဲ့ပါဘူး။ အိမ်မှာ အကြွေးတောင်း သမားတွေနဲ့ နေ့ည မပြတ် စည်ကားပါတယ်။
ကျွန်တော်တို့ ခြံကလေးကို ပေကြိုးဆွဲပြီး တိုင်းကြ၊ ထွာကြ၊ သိမ်းကြနဲ့ အိမ်တစ်ကွက် စာလေးပဲ ကျန်တဲ့ အထိ ဒုက္ခရောက်ပါတယ်။ မိဘတွေမှာ အလုပ်ကလည်း မယ်မယ်ရရ မရှိတော့ပါဘူး။ အစ်ကိုဟာ ဗလာ စာအုပ် တစ်အုပ်မှာ ဘာသာပေါင်းစုံ ရဲ့ မှတ်စုတွေ ရေးရပါတယ်။ ကျွန်တော်က အစ်ကိုဝတ်တဲ့ ဖော့ဖိနပ် အဟောင်းကို နောက်မြီးကတ်ကျေးနဲ့ ညှပ်ပြီး စီးရပါတယ်။
မိုးတွေရွာရင် ကျောင်းသွားရမှာ သိပ်ကြောက်ပါတယ်။ ထီး မပြောနဲ့ မိုးကာတောင် မရှိတော့ ကျောင်းရောက် ရင် ရေစိုဝတ်နဲ့ နေရပါတယ်။ ပြန်ရောက်ရင် တစ်ထည်တည်းသော အစ်ကို့ကျောင်းစိမ်း လုံခြည်လေးကို အမေက မီးဖိုမှာ မှိုင်းကင်ပြီးခြောက်အောင် လုပ်ပေးပါတယ်။ မီးခိုးမှိုင်းနံ့တွေ ဝေလို့ပေါ့ဗျာ။
စားဝတ်နေရေး အလွန်ခက်တော့ မတည့်တဲ့ ညီအစ်ကိုနှစ်ယောက် ခေါင်းချင်းဆိုင်ကြရပါတယ်။
နှစ်ယောက် လုံး ကျောင်းဆက်တက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့မှန်း အလိုလိုသိကြပါတယ်။ ကဲ အစ်ကိုကြီး မင်းက ဆယ်တန်း။ မင်းကျောင်းတက်။ ငါအလုပ်လုပ်မယ်။ အစ်ကိုကြီး ဆယ်တန်းအောင်ရင် ငါကျောင်းပြန်တက်မယ်လို့ ကျွန်တော်က ဆုံးဖြတ်ပါတယ်။
ပထမတော့ အစ်ကိုက ငြင်းပေမဲ့ နောက်တော့ သဘောတူပါတယ်။ ကျွန်တော်တို့ဆုံးဖြတ်ချက်ကို ပြောပြတော့ အမေရယ် ငိုလိုက်တာ။ မလုပ်ပါနဲ့လို့လည်း မတားနိုင်ဘူး။ ဒီလိုနဲ့ ကျောင်းတက်သူက တက်။ ထွက်သူက ထွက်ပေါ့။ ခြောက်တန်းကျောင်းသား အလုပ်လုပ်တာ ဘယ်လောက်ရသလဲ ဆိုတော့ ကျွန်တော် သူများဆိုင်မှာ ဈေးကူရောင်းတာ တစ်လ ငါးရာ ရပါတယ်။ လုပ်ရည်ကိုင်ရည်ကြိုက်လို့ ဆိုင်ရှင်က ငွေတစ်ရာ တိုးပေးပါတယ်။
ပထမဆုံး လစာထုတ်တော့ အမေ့ကို ငွေငါးရာအပ်ပါတယ်။ ပိုတဲ့ တစ်ရာမှာ ငါးဆယ်ကို ဓာတ်မီး တစ်လက် ဝယ်ပြီးတော့ ကျန်တဲ့ငွေငါးဆယ်ကို စတီးဇလုံလေး တစ်လုံး ဝယ်ပါတယ်။ ၁၉၉၄ ခုနှစ်က ဆိုတော့ ၂၄ နှစ်တောင် ကြာခဲ့ပါပြီ။
ကျွန်တော် လုပ်ခက စားဝတ်နေရေးကို အထောက်အပံ့ပေးနိုင်ပေမဲ့ လုံလောက်တဲ့ ပမာဏမဟုတ်ပါဘူး။ အစ်ကိုက ကျောင်းတက်ရင်း ဆီစက်တစ်ခုမှာ ညပိုင်း အလုပ်ဝင်ပါသေးတယ်။ ဒီလိုနဲ့ အစ်ကိုကြီး ဆယ်တန်း ဖြေလိုက်တာ တစ်နှစ် မအောင်ပါဘူး။ နှစ်နှစ်။ အောင်ပေမဲ့ (ခ) နဲ့ဗျာ။
သူ့ကိုလည်း အပြစ်မတင်ပါဘူး။ ကံဆိုးသလား၊ ကောင်းသလား ဆိုတာ ဘယ်သူမှ မပြောနိုင်ပါဘူး။ မိသားစုတာဝန်ကို နိုင်သမျှ ဝင်ထမ်းနေရတော့ ဘယ်မှာ စာကျက်ဖို့ အချိန်ရှိပါ့မလဲ။ ကျွန်တော်လည်း ကျောင်းတက်ချင်စိတ် တစ်ကယ်ဖြစ်မိပါတယ်။ လွယ်အိတ် လွယ်နေတဲ့ ရွယ်တူတွေ၊ ငယ်သူတွေ တွေ့တိုင်း မျက်ရည်ကိုဝဲလို့။ ဝယ်စုထားတဲ့ လွယ်အိတ် ခရမ်းရောင်လေးရယ်၊ ဗလာစာအုပ် တစ်ဒါဇင်ရယ်။ ရေးနိုး ဘောပင်ခြောက်ချောင်းရယ်၊ ဖုံတွေလည်း တက်လို့ပေါ့ဗျာ။
ဒီလိုနဲ့ အစ်ကိုဟာ အပြင်ဖြေဖြစ်သွားပါတယ်။ ဒီနှစ် အောင်အောင်၊ မအောင်အောင် ညီလေး မင်း ကျောင်း ပြန်တက်ကွာတဲ့။ တစ်ဖြည်းဖြည်း ကြီးကောင်ဝင်လာတဲ့ ကျွန်တော့်ကို အစ်ကိုက သနားလာပုံ ရပါတယ်။ နောက်ဆုံးနှစ်မှာ အစ်ကိုကြီးက စာကို ကြိုးစားပြီးဖြေပါတယ်။ တတိယနှစ် အပြင်ဖြေကာလ ရောက်မှ အစ်ကိုက ဆယ်တန်းကို (က) နဲ့ အောင်ပါတယ်။
ကဲ .. အစ်ကိုက ကျောင်းဆက်မတက်ဘဲ နားလိုက်ပါတယ်။ ကျွန်တော် ကျောင်းပြန်တက်ချိန်ရောက်ပြီ။ လွယ်အိတ်ခရမ်းရောင်လေးကို လွယ်လို့ပေါ့ဗျာ။ ကျွန်တော် ကျောင်းတက်တော့မယ် အမေလို့ ပြောတော့ အမေရယ် နောက်တစ်ကြိမ် ငိုပြန်ပါတယ်။ ဒီတစ်ခါ ပျော်လို့ ငိုတယ်ထင်တာပါပဲ။
မျက်ရည်ဟာ ချောင်းကလေး တစ်ခုဆိုရင် ပျော်တာနဲ့ ဝမ်းနည်းတာဟာ ဟိုဘက်ကမ်း နဲ့ ဒီဘက်ကမ်း ထင်ပါရဲ့။ ကျွန်တော်နဲ့ ရွယ်တူတွေက ကိုးတန်း။ ကျွန်တော်က ခြောက်တန်း။ အတန်းထဲမှာ အကြီးဆုံး။ ကိုယ့်ထက်ကြီးတာ ဆိုလို့ ဆရာပဲ ရှိတော့တယ်။ ရှက်ရှက်နဲ့ တက်ရတာပေါ့ဗျာ။ ၂၀၀၂ ခုနှစ်မှာ ကျွန်တော် ဆယ်တန်းအောင်ပါတယ်။ ကျောင်းပြန်တက်ကတည်းက အစမ်း စာမေးပွဲတောင် မကျခဲ့ပါဘူး။
၂၀၀၈ ခုနှစ်၊ မေလက ပြည်မြို့တော်ခန်းမမှာ လျှပ်စစ် အင်ဂျင်နီယာဘွဲ့ ယူတော့ အမေရယ်၊ အဖေရယ် အတူတူ ပါလာတယ်။ အစ်ကိုကြီး ကတော့ အဝေးမှာ။ မဲမဲလှုပ်နေတဲ့ ဘွဲ့ဝတ်စုံတွေကြားမှာ အမေက ကျွန်တော့်ကို လည်ပင်းဆန့်ပြီး လိုက်ရှာနေလေရဲ့။
အင်ဂျင်နီယာ ဘွဲ့ရ မောင်မယ်တွေကို မြန်မာ့ ဆိုင်းဝိုင်းကြီးက စည်တော်ယွန်း၊ ဗိန်းဗောင်းရိုက်ကြိုဆိုတော့ ရင်ထဲမှာ လှိုက်တက်လာမိပါတယ်။ မိသားစုရုန်းကန်ခဲ့ရတာတွေ ပြန်မြင်မိလို့ မျက်ရည်ဝဲပါတယ်ဗျာ။ အဲဒီအခိုက်အတန့်ကို ကျွန်တော် ဂုဏ်ယူပါတယ်။ အစ်ကိုကြီး၊ အမေ၊ အဖေ ဂုဏ်ယူနေကြပါလိမ့်မယ်။
ဆင်းရဲသားဖြစ်ရတာ ကောင်းတဲ့ အချက်တွေရှိပါတယ်။ လောကဓံ ကို စောစောကြုံရပါတယ်။ ငယ်ငယ် ကတည်း က စာနာဖေးမစရာတွေကြုံရတယ်။ မတည့်ပေမဲ့ ညီအစ်ကိုချင်းလည်း သိပ်ချစ်ကြပါတယ်။ အရေးကြုံရင် အနစ်နာခံရမယ်မှန်း ပြောစရာမလိုအောင် ညီညွတ်ခဲ့ကြပါတယ်။ ပထမဆုံး လစာနဲ့ ဝယ်ခဲ့တဲ့ စတီး ဇလုံလေးကိုလည်း အခုအထိ ထမင်းစားရင် သုံးဖြစ်ပါတယ်။ တစ်ခုခု ဖင်ခေါင်းကျယ်ချင်ရင် ငါးဆယ်တန်စတီးဇလုံလေးက ကျွန်တော့်ကိုလှောင်တယ်ဗျ။
ဆယ်တန်းမှာ ဘယ်မေးခွန်းတွေ မေးခဲ့သလဲ ကျွန်တော် မမှတ်မိပါဘူး။ ဒါပေမဲ့ ဘယ်သူတွေ အနာခံခဲ့ သလဲ ဆိုတာကတော့ တွေးမိတိုင်း ပြတ်ပြတ်ထင်ထင်ရှိနေဆဲပါဗျာ။
Crd ; Win Nyunt
***************************************
Myo Lwin ...
ကိုယ်တိုင် သိခဲ့တဲ့ တစ်ကယ့် အဖြစ်ဆိုတော့ မျက်ရည်ဝဲလို့ လေးစားဂုဏ်ယူမိပါတယ် ။ ဒီနေ့ထိ ရင်ထဲမှာ ပြတ်ပြတ် ထင်ထင် ရှိတယ် ။ ဝင်းညွှန့်ကို အတုယူ ကြ လို့လည်း သားတွေကို ဆုံးမဖူးတယ် ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment