Thursday, November 2, 2017

စီဒီရွမ် တစ်ချပ်ထဲက ဖျားနေတဲ့ ကဗျာ




ခုတော့လည်း…
မိုးဦးကျပေါက်လာတတ်တဲ့ သစ်တုံးမှို
မြက်ကြားမှိုတွေလို

အလျှိုလျှို …

မြွေတွေလို အရေခွံ လဲသူလဲ
ဝှက်ထားတဲ့ လက်သည်း တုံးတုံးတွေကို ထုတ်ပြသူပြ
ရသမျှ ဇာတ်ဝင်ခန်းမှာ
ပန်းကန်ပဲဆေးရ ဆေးရ
ဈေးကောက်ပဲ ကောက်ရကောက်ရ
အလုပ်အကျွေးပြုပါရစေ ဆိုသူဆို။

“ အစွယ်လိုသူ မိဘုရား
အသွား စေခိုင်းသူ မင်းဧက္ကရာဇ်
လေးပစ်သူ ဘုရား ကျွန်တော်.. ” များ


အော်…ဦးပုည ကို သတိရမိသား ခဏ
ကမ်းနားသစ်ပင်များသာ တောထ
ပြိုကျသွားတဲ့ ကမ်းပါးတွေကလည်း
မြစ်ကြောင်းကို ဆို့ပိတ်လို့
တစ်ချို့ …။

တိမ်တောင် မို့မို့တွေလို ရောင်ပြောင်းတောက်
လွင့်မြောက် မိုးပျံပူဖောင်းတွေက
တေးသွား အလိုက်လွန့်မြူး




“အလိုက်သင့်… မောင်ဘဦး…
 အလိုက်သင့် မောင်ဘဦး…” တဲ့


 ပဲ့စင်ပေါ်က မျောက်ကို ဦးနှိမ်ချ
ဆုတောင်းကြ ထောက်ခံကြရင်းက
လူ့တန်ဘိုး ဂုဏ်သိက္ခာကို ပြာချ
အမျှဝေဖို့ ပြင်နေကြလေရဲ့။   ။



စိုးနေလင်း ● (မိုးမခ) နိုဝင်ဘာ ၁၊ ၂၀၁၇


No comments:

Post a Comment