လောကကြီးမှာ ‘ မင်္ဂလာ ’ နဲ့ ‘ အမင်္ဂလာ ’ နှစ်ခု ယှဉ်တွဲ တည်ရှိနေတဲ့နေရာကို ပြပါ ဆိုရင် တစ်နေရာပဲပြ စရာ ရှိပါတယ် ၊ အဲ့ဒီနေရာ ကတော့ ‘ ဆေးရုံ ’ ပါပဲ ။ ဟုတ်ပါတယ် များသော အားဖြင့် ဆေးရုံ မှာ လူတွေ မွေး ဖွားကြသလို ဆေးရုံမှာပဲ လူတွေ သေဆုံးကြတယ် ။
ဆေးရုံမှာ လူသားတွေ ရောဂါမျိုးစုံကို ဆေး ကုသပြီး ပြန်ကောင်းမွန်လာကြတယ် ၊ ဆေးရုံ မှာပဲ လူတွေ
ဝေဒနာတွေနဲ့ သေဆုံး သွားခဲ့ကြရတယ် ။ ဒါကြောင့် ဆေးရုံ ဆိုတာ ပျော်စရာ ၀မ်းမြောက်စရာ ကြည်နူး ဖွယ်တွေနဲ့ ပြည့်စုံနေပြီး မင်္ဂလာ ရှိတဲ့ နေရာဖြစ်သလို ၊ စိတ်မကောင်းစရာ ၊ နာကျင်စရာ ၊ ၀မ်းနည်းစရာတွေနဲ့ ပြည့်နှက်နေတဲ့ နေရာတစ်ခု မဟုတ်လား … ။
'မမှားသော ရှေ့နေ ၊ မသေသော ဆေးသမား' ဆိုတဲ့ ဆိုရိုး စကား က အလကားဖြစ်လာတာ မဟုတ်ပါဘူး ။
လူသားတွေ ခံစားနေရတဲ့ ဝေဒနာ အမျိုးမျိုးကို စိတ်ရော ကိုယ်ပါ နှစ်ပြီး ကုသပေးနေတဲ့ ဆရာဝန်တွေ ၊ သူနာပြုတွေ ဆိုတာကလည်း လူသားတွေပဲမဟုတ်လား ၊ လူသား မှန်ရင် မသေရိုး ဘယ်ရှိနိုင်ပါ့မလဲလေ . ။
လူတွေက သေဆုံးပြီးနောက်ပိုင်းမှာ တစ်ချို့တွေက ကိုယ် အသက်ရှင်စဉ်က ပြုလုပ်ခဲ့တဲ့ ကုသိုလ်ကံ အကုသိုလ် ကံ အလိုက် ဘုံဘ၀တွေ ကွဲပြားပြီး ပြန် ဖြစ်တည် လည်ပတ်နေပြီး ၊ တစ်ချို့ကတော့ သေဆုံးခါနီး အစွဲ အလမ်းတွေကြောင့် မိမိ စွဲလမ်းတဲ့ အရာဝတ္တု ၊ လူ ၊ နေရာဒေသ စတာတွေရဲ့ အနီးပတ်ဝန်းကျင်မှာပဲ
ပြိတ္တာ ဘုံသားအဖြစ် ပြန်လည် ဖြစ်တည်နေတတ်တယ်။
စာဖတ်သူတို့ ၀န်းကျင်မှာလည်း ပရလောကသားတွေ တည်ရှိနေသလို အခု စာရေးသူ ကျွန်တော့် အနီးမှာလည်း ပရလောကသားတွေက တည်ရှိနေမှာ မလွဲ … ။
ကျွန်တော်တို့က လူသာမန်တွေဖြစ်တဲ့ အတွက်ကြောင့် မြင်နိုင်စွမ်းမရှိကြဘူးလေ ၊ သို့ပေမယ့် ကံနိမ့် တဲ့အခါ ဒါမှ မဟုတ် အကြောင်း တိုက်ဆိုင် တဲ့ အခါမျိုးမှာတော့ ပရလောကသားတွေရဲ့ ရုပ် ၊ အသံ စတာတွေကို မြင်ရကြားရတတ်တယ် ။
သူတို့တွေ ဒီလို ဆက်သွယ် လာတာကို ကျွန်တော် ဥာဏ်မှီသလောက် သုံးသပ် ကြည့်ရရင် တစ်ချို့ ပရလောက သားတွေက ကျွန်တော်တို့ကို ခြောက်လှန့်ချင်ကြသလို ၊ တစ်ချို့က ဒီလို ဘ၀ဆိုးကြီးက ကျွတ်ချင် လွတ်ချင်ကြလို့ ဖြစ်တယ် ။
အဲ… တစ်ချို့က ကြတော့ တစ်မျိုးဗျ ဘယ်လိုမျိုးလည်း ဆိုရင် အခုပြောပြမယ့် တတိယ အမျိုးအစား ပရလောက သားတွေက သူတို့ မသေဆုံးခင် လူ့ဘ၀က ပြုမူ လှုပ်ရှားခဲ့သလိုမျိုး အခုရောက်ရှိ ဖြစ်တည်နေတဲ့
ပရလောက (ပြိတ္တာဘုံသား ဘ၀) မှာလည်း ဆက်ပြီး လုပ်ဆောင် ပြုမူနေကြတုန်းပဲ ။
ဘာလို့လဲလို့ မေးလာရင် ဖြေစရာနှစ်ခုပဲ ရှိတယ်ဗျ ၊ တစ်ချို့ က ကိုယ့်ဘာကိုယ် သေလို့သေမှန်းမသိကြပဲ
အသက်ရှိစဉ်က အတိုင်း ဆက်ပြီး လုပ်ဆောင်နေတာပေါ့ ၊ တစ်ချို့ကြတော့ သေမှန်း သိပါလျှက်နဲ့ အစွဲ အလမ်း တစ်ခုကြောင့် ဒီနေရာ ဒီဝန်းကျင်ကနေ မခွဲနိုင် မခွါနိုင်ပဲ လုပ်နေကြ တာဝန်တွေ ၊ လုပ်ငန်းဆောင်တာတွေကို ဆက်ပြီး လုပ်ဆောင်နေကြတဲ့ သဘောမှာရှိပါတယ် ။
ဟုတ်ကဲ့ …. မိတ်ဆက်ပါရစေ
ကျွန်တော့် နာမည်က ‘ လွင်ငြိမ်း ’ ပါခင်ဗျာ ။
အသက် ( ၂၃ ) နှစ်ရှိပြီး
မန္တလေးမြို့ (…) ဆေးရုံကြီးမှာ အငယ်တန်း စာရေး
အလုပ်ကို လက်ရှိ လုပ်ကိုင်နေဆဲပါ ။
ဆေးရုံ ဆိုတော့ မိတ်ဆွေတို့ သိကြတဲ့အတိုင်းပဲ အဆောင်တိုင်း လိုလို ကို သရဲတစ္ဆေရှိတယ်ဗျ ၊ ကျွန်တော် တို့ ဆေးရုံက ၀န်ထမ်း အများစုလည်း မကြာခဏ အခြောက် အလှန့် ခံရလေ့ရှိတယ် ။
ကျွန်တော်ကတော့ ဒီဆေးရုံမှာ လုပ်နေတာ တစ်နှစ်ကျော်ခဲ့ပြီ သူများပြောလို့သာ ယုံရတာကိုယ်တိုင်တော့ တစ်ကြိမ် တစ်ခါမှကို အခြောက်အလှန့်မခံရဖူးသေးဘူးလေ ။ ကိုယ်တိုင်ပဲ ကံမြင့်နေလို့လား ၊ မတိုက် ဆိုင်သေးလို့ပဲလား ဆိုတာတော့ သေချာမသိ ။
ကိုယ်တိုင် မကြုံတာလည်း မပြောနဲ့လေ ကျွန်တော်က ရုံးပိုင်း ဆိုတော့ လူနာဆောင်တွေဘက် ကို သိပ် မရောက်ဖြစ် မသွားဖြစ်ဖူးလေ ၊ နောက်ပြီး ရုံးချိန် ကလည်း နံနက် ကိုးနာရီ ကနေ ညနေလေးနာရီခွဲ အထိပဲ ဆိုတော့ မမှောင်ခင်ဖြစ်နေတယ် ။
အဲ့ …. တစ်ခါ တစ်ခါ တော့ ည ရှစ်နာရီလောက် အထိ နေရတယ် ဒါပေမယ့် ဘာမကောင်းဆိုးရွား မှ
ဘာခြောက်လှန့်မှု မှ မမြင်ခဲ့ရဘူး ။
ကျွန်တော်တို့ ရုံးခန်း ကလည်း နေရာကောင်းပဲ ၊ အရင်က ကျွန်တော်တို့ ရုံးခန်း နေရာမှာ ‘ ကလေး အရေးပေါ်ပြင်ပ လူနာဌာန ’ နဲ့ ရုံးခန်း အပေါ်ထပ်က ‘ ကလေး ခွဲစိတ်ခန်း ’ လေ ။ ခွဲစိတ်တာ မအောင်မြင်လို့ ဆုံးသွားတဲ့ ကလေးငယ်တွေလည်း မနည်းဘူးပေါ့ဗျာ ။
ကျွန်တော့် ရုံးက စီနီယာ တွေနဲ့ သူငယ်ချင်းတွေ ကတော့ ပြောကြတယ် ….“ သူတို့ ရုံးကို စောစောရောက်တဲ့ အခါတွေတို့ နောက်ကျမှ ရုံးဆင်းကြရတဲ့ အခါတွေ ပြောရရင် လူသိပ် မကျန်ပဲ လူနည်းနည်းပဲ ကျန်ခဲ့တဲ့ အချိန်တွေမှာပေါ့ … ရုံးခန်း ၀န်းကျင် တစ်ဝိုက် မှာ ‘ ကလေးသုံး ၀ိုင်အိုလက် ပေါင်ဒါ အနံ့ ’ ပေးတာတို့
ရုံးခန်း အိမ်သာမှာ လူ မရှိပဲ ‘ ရေလောင်းသံ ’ ကြားတာတို့ မကြာခဏ ကြုံရတယ်ဆိုပဲ ။ ”
တစ်ခါတုန်းကလည်း ကျွန်တော်တို့ အထက်လူကြီးက ညနေ ခြောက်နာရီခွဲလောက် ဆေးရုံ အုပ်ကြီးနဲ့ စာရင်းတွေ လုပ်စရာရှိတယ် ဆိုလို့ အခု သရဲခြောက်ပါတယ်လို့ နာမည်ကြီးနေတဲ့ ကျွန်တော်တို့ ရုံးခန်း အပြင် ဘက် (ယခင် ကလေး ခွဲစိတ်ခန်း) ရှေ့မှာ စောင့်နေတုန်း ရုံးခန်းထဲက ‘ စာရွက်တွေ စုတ်ဖြဲ သံတွေ ’ ကြားနေ ရတယ်တဲ့ ။
သူ အသံတွေကြားရတဲ့ ရုံးခန်း နေရာက ကျွန်တော်တို့ ရုံးခန်းနဲ့ မျက်နာချင်းဆိုင်မှာ ရှိတဲ့ ‘ အစည်းအဝေး ခန်းမ ’ နဲ့ ၀န်ကြီးတွေ လာရင် အသုံးပြုတဲ့ ‘ ဧည့်ခန်း ’ ကို ဆက်ထားတဲ့ ကြားက ‘ အတွင်းခန်းလေး ’ တစ်ခုကပါ ပြောရရင် အဲ့ဒီနေရာ တစ်ခုလုံးက ကျွန်တော်တို့ ရုံးခန်း နဲ့ မျက်နာချင်းဆိုင် မြင်နေရတဲ့ သဘောပေါ့ဗျာ ။
ဇာတ်လမ်းပြန်ဆက်မယ် …
အဲ့ဒါနဲ့ စာရွက်ဖြဲသံတွေ ကြားနေရတော့ ကျွန်တော်တို့ လူကြီးလည်း .. သူ့စိတ်ထဲ မတင်မကျဖြစ်တာနဲ့ ရုံးခန်း တံခါးပိတ်လေ့ ရှိတဲ့ ကျွန်တော်တို့ အထက်က စီနီယာ အစ်ကိုကို ခေါ်ပြီးပြောတော့ အဲ့ဒီ အစ်ကိုက……
“ ဒီအခန်းက ၀န်ထမ်းတွေ ပြန်သွားတာ ကြာပြီ ဆရာရဲ့ အခု အခန်းထဲမှာ ဘယ်သူမှ မရှိဘူး ဆေးရုံမှာ ကြွက် လည်းမရှိပါဘူး ဆရာ ” ဆိုပြီး ပြန်ပြောနေတုန်း အခန်းထဲကနေ စာရွက်ဖြဲသံတွေ ထပ်ခါ ထပ်ခါ ကို ကြားနေရတော့တာပဲ အဲ့ဒါနဲ့ အထပ် လူကြီးနဲ့ စီနီယာ အစ်ကို တစ်ယောက်မျက်နာတစ်ယောက်ကြည့်ပြီး
တစ်စုံ တစ်ခုကို နားလည်လိုက်သလို ဖြစ်သွားကြတယ် ။
ဒါပေမယ့် နောက်ဆုံးမှာ ကြောက်စိတ်ကို သိချင်စိတ်က နိုင်သွားပြီးတော့ နှစ်ယောက်သား တုန်တုန် ယင် ယင်နဲ့ ဖွင့်ရ ခက်တဲ့ အခန်း တံခါးကို အတင်း ဆွဲဖွင့်ရင်း အခန်းထဲက မီးတွေ ဖွင့်ပြီး အခန်းထဲ ၀င်ကြည့်တော့ အခန်းထဲမှာ လူတစ်ယောက်မှ မရှိ ကြွက်လည်း မရှိသလို စာရွက်တွေ ကလည်း တစ်ရွက်မှ ပြဲမနေတာကို သူတို့ နှစ်ယောက် ကိုယ်တိုင် တွေ့လိုက်ကြရတယ် ။
အဲ့ဒါနဲ့ နှစ်ယောက်သား ခပ်သုတ်သုတ် ကလေး အခန်းတစ်ခါး ကို ပြန် ပိတ် တံခါးကိုလည်း သော့ခတ် လိုက်ပြီးတော့ လာလမ်း အတိုင်းပြန်လာကြတယ်ဆိုပဲ … ။ ကျွန်တော်တို့လည်း နောက်တစ်နေ့မှ စီနီယာ အစ်ကို ပြောပြတဲ့ အကြောင်းကို အံ့သြတစ်ကြီး ဖြစ်ခဲ့ကြဖူးတယ်လေ ။
မဖြစ်ရိုးလားဗျ စဉ်းစားကြည့်လေ အဲ့ဒီအခန်း ဆိုတာကလည်း ကြမ်းခင်း က ကော်ဇော အပြည့် ခင်းထားတော့ တံခါးအောက်မှာ သွားခုနေ ထစ်နေ ပြီး တံခါး ဖွင့်ရင်တောင် နှစ်ယောက်သုံးယောက်အားနဲ့ မနည်း ကို ဆွဲဖွင့်ပြီး ၀င်ရတဲ့ အခန်း ၊ အဲ့ဒီ မှာ ရုံးထိုင်တဲ့ သူတွေဆို တစ်နေကုန် တံခါးကို မပိတ်ပဲ ဟရုံလေး ဟထားတယ် ပြန်မှ အတင်း တွန်းပိတ် သော့ခတ် ပြန်ကြတာလေ ။
ဒီဖြစ်ရပ်က တစ်ကယ့်ကို အံ့သြစရာဗျ ဒါပေမယ့် ကျွန်တော့် အတွက်တော့ ကြားနေကြ အရာတစ်ခု ထက် နည်းနည်းလေး ပိုရုံလောက်ပဲ သဘောထားဖြစ်ခဲ့တယ် ၊ ဘာလို့လည်းဆိုတော့ အစကတည်းက ဒီနေရာကြီး က ကလေးဆောင်ကြီးကို.. ။
ဒီကိစ္စဖြစ်ပြီး သိပ်မကြာဘူး…
တစ်ခါမှ အခြောက်အလှန့် မခံရဖူးတဲ့ ကျွန်တော့်ကို ဘ၀မှာ မေ့ဖျောက်လို့မရနိုင်တဲ့ အခြေအနေတစ်ခုကို
မျက်ဝါး ထင်ထင် နဖူးတွေ့ ဒူးတွေ့ကို ကြုံစေဖို့ အကြောင်းဖန်လာခဲ့ပြီလေ …. ။
ကျွန်တော်က ရုံးမှာ Computer စာရိုက်ရတဲ့သူ ဆိုတော့ (စနေ) (တနင်္ဂနွေ) ဆို Duty က အချိန်ပြည့် မရှိဘူးဗျ ၊ On call ပဲ ဆိုတော့ အဆင်ပြေတယ် ။ ရုံးချိန်ကလည်း မနက်ကိုး ညနေ လေးခွဲ …
ညနေဆို ကျွန်တော်က သရဲခြောက်ခံ ထိမှာစိုးလို့ အစောကြီး ပြန် ပြေးနေကြ ။ နောက်တစ်နေ့ရုံးပြန်တက်တိုင်း မနေ့ညက ရုံးမှာ ကျန်ခဲ့တဲ့ ရုံးဆင်းနောက်ကျသူတွေ ဆီကတော့ ဘယ်လို ဘယ်ပုံ ကလေးသရဲ ခြောက် ခံရတာတွေ ကြားနေရတုန်းဗျ ။
ဖြစ်ချင်တော့ အဲ့ဒီနေ့က ကျွန်တော်တို့ အထက်လူကြီးက မနက်ဖြန် ….. ‘ နေပြည်တော် အစည်းအဝေး ’ သွားဖို့ ရှိတာနဲ့ ဟိုမှာ (နေပြည်တော်မှာ) ‘ လိုငွေ ပိုငွေ ’ စာရင်းတွေ ရိုက်ရင် သုံးဖို့အတွက် စာရွက် စာ တမ်းတွေ ကို သူနဲ့ အတူ တစ်ခါတည်း ထည့်ပေးနိုင်ဖို့အတွက် OT အနေနဲ့ ကျွန်တော်ရယ် စီနီယာ အစ်မနှစ်ယောက်ရယ် အစ်ကို တစ်ယောက်ရယ် ပေါင်း လေးယောက်သား ကျန်ရစ်ခဲ့ကြတယ် ။ ပြန်တဲ့ သူတွေက ပြန် သွားကြတာပေါ့ ။
အားလုံးက ကိုယ့် အလုပ်ပြီးအောင် ကိုယ် အာရုံစိုက်နေကြတယ်လေ ရုံးကြီး တစ်ရုံးလုံး မှာ ကျွန်တော်တို့လေးယောက်ပဲ ကျန်ရစ်ခဲ့တာ ဘယ်လောက်ခြောက်ခြားဖို့ကောင်းလိုက်သလဲ ပြန်တွေးရင်းနဲ့တောင် ကြက်သီးထမိတယ် ….
ဆေးရုံကလည်းဆေးရုံ ခြောက်တယ်လို့လည်း နာမည်ကြီး ၊ အဲ့ဒီအချိန်ကတော့ အခုလို မတွေးမိကြဘူးပေါ့
ကိုယ့် အလုပ်က အရေးကြီးနေတော့ ဇောကပ်နေတာနဲ့ ဘာမှကို မစဉ်းစားမိတာ ။
အဲ့ဒီလို ကျွန်တော်တို့ အလုပ် လုပ်နေတုန်းမှာပဲ ကျွန်တော်တို့ ရုံးခန်းနဲ့ မျက်နာချင်းဆိုင်မှာ ရှိတဲ့
‘ အစည်းအဝေးခန်းမ ’ နဲ့ ‘ ဧည့်ခန်း ’ ကို ဆက်ထားတဲ့ ကြားက ‘ အတွင်းခန်းလေး ’ ရဲ့ တံခါး ကို တစ်ယောက်ယောက်က ခေါက်လိုက် သလိုမျိုး “ ဒေါက်…ဒေါက်…ဒေါက် ” ဆိုပြီး တံခါးခေါက်သံ သုံးချက် ပီပီ သသကြီး ထွက်ပေါ်လာတယ် ။
ကျွန်တော်တို့ လေးယောက် စလုံးလည်း ကြားလိုက်ရတယ် အစက ကျွန်တော် တစ်ယောက်တည်း
ကြား လိုက်ရတယ် ထင်ပြီး အခြားသူတွေ အနေအထားကို လှမ်းကြည့်လိုက်တော့ သူ့တို့မျက်နာတွေက လည်း ကြောက်လန့်နေတဲ့ အနေအထားတွေနဲ့ ကျွန်တော့်ကို ပြန်ကြည့်လိုက် အချင်းချင်းကြည့်လိုက် နဲ့ ဖြစ်နေကြတယ် ။
ဟုတ်တယ်လေ တစ်ရုံးလုံးမှာ ကျွန်တော်တို့ လေးယောက်ပဲ ကျန်ရစ်ခဲ့တာ မဟုတ်လား… တစ်ချိန် တည်းမှာပဲ အစ်မ တစ်ယောက်က “ ဟဲ့… နင်တို့ရော ကြား..ကြားလိုက်ကြလား.. ” ဆိုပြီး တုန်တုန် ယင်ယင် နဲ့ ကျွန်တော်တို့ အားလုံးကို လှမ်းမေးတယ် အကုန်လုံး ကလည်း ကြက်သေသေနေရာ ကနေ ခေါင်းတွေ တဆတ်ဆတ် ငြိမ့်ပြနေကြတယ် ။
အဲ့ဒီအချိန် တစ်ဆက်တည်းမှာပဲ ခုနက တံခါးခေါက်သံ သုံးချက် ကြားလိုက်ရတဲ့ နေရာကို လေးယောက်သား ပြိုင်တူ လှမ်းကြည့်နေတုန်း… ဖွင့်ရခက်ပါတယ် ဆိုတဲ့ အခန်း တံခါးကြီးက “ ကျွီ…….. ” ဆိုတဲ့ လေးလေး ပင်ပင် အသံကြီးနဲ့အတူ ပွင့်လာခဲ့တယ် ။
တံခါးဖွင့်တဲ့သူ တစ်ယောက်ဆို တစ်ယောက်မှ မရှိဘူး ၊ နောက်ပြီး ဒီတံခါး က လေတိုက်လို့ပွင့်လာမယ့်တံခါး မဟုတ်ဘူး ၊ ပုံမှန်တောင် သုံးယောက် ဆွဲဖွင့် ရတဲ့ တံခါး ၊ လေတိုက် ရအောင်လည်း ရုံးခန်းကြီး ထဲ ဆေးရုံထဲမှာ ။
ကျွန်တော်လည်း ဘာရယ်မဟုတ်ပဲ ဖွင့်သူ မရှိတဲ့ တံခါးကြီးက တံခါးခေါက်သံ သုံးချက် နဲ့အတူ ပွင့် လာတာ မြင်လိုက်ရတော့ ကြောက်ရွံ့စိတ်ကို မကွယ်ဝှက်နိုင်တော့ပဲ ကြက်သီးမွှေးညှင်းတွေ ထလာပြီး တစ်ခဏတာ အတွင်းမှာ တစ်ကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရတယ် ။ ခေါင်းကြီး တစ်ခုလုံးကလည်း
ကြီးသွား သလို ပူပေါင်း တစ်ခုလို ပေါက်တော့မယ့်အတိုင်း တစ်ကယ့်ကို ခံစားလိုက်ရတယ် ။
အဲံဒီအချိန်မှာ ကျွန်တော့် အနားက အစ်ကို နဲ့ မလှမ်းမကမ်း က အစ်မ နှစ်ယောက် ကလည်း အသံ တစ် စက် မှ မထွက်ကြပဲ ကျောက်ရုပ်ကြီးတွေ အတိုင်းဖြစ်နေကြတယ် ဘေးက အစ်ကိုကြတော့ ဘာကြောင့်မှန်း မသိ ခဏတွင်းမှာ သူ့ တစ်ကိုယ်လုံး ရေလောင်းချလိုက်သလို ချွေးတွေ ရွှဲလို့ ။
တစ်ဆက်တည်းမှာပဲ ပွင့်လာတဲ့ တံခါးကြီးကို တစ်ယောက်ယောက်က ဆွဲပိတ် လိုက်သလို အတားအဆီး အထစ်အငေါ့ မရှိပဲ “ ကျွီ …. ” ဆိုတဲ့ အသံကြီးနဲ့အတူ “ ဂျိန်း ” ဆိုပြီး အသံမြည်ပြီး ပိတ်သွားခဲ့တယ် ။
ဘာပြောကောင်းမလည်း ကျွန်တော်တို့ ကလည်း လုပ်လက်စ အလုပ်တွေကို save .. Computer ကိုပိတ် ၊ မီးပိတ် အခန်းတံခါး ပိတ် သော့ခတ်ရင်း နောက်ကျော မလုံမလဲနဲ့ ဆေးရုံ ၀င်းထဲက အပြင်ကို ခြေကုန် သုတ်ခဲ့ကြတယ်လေ ။
ကံကောင်းတာက လေးယောက်ဖြစ်နေတာ ကျွန်တော်တစ်ယောက်တည်းသာ ဆိုရင် ဘုရား…ဘုရား… ။ကျွန်တော်တို့ လေးယောက်လည်း တစ်နာရီလောက် ဆက်လုပ်ရင် ပြီးနိုင်မယ့် အလုပ်ဖြစ်လို့ မနက် အချိန် ကျမှ ပြန်စလုပ်ရန် နဲ့ ရုံးကို စောစောလာတဲ့ အခါ အရင် မ၀င်သေးပဲ ဆေးရုံရှေ့ ဘယ်Tea Shop မှာ ဘယ်အချိန် ဆုံပြီးမှ အတူတူ ရုံးထဲဝင်ကြမယ်.. စသဖြင့် တိုင်ပင်ကြပြီး ကိုယ်စီ အိမ်ပြန်ခဲ့ကြတယ် ။
အဲ့ဒီနေ့ညက ကျွန်တော် လုံးဝ အိပ်မပျော်ခဲ့ဘူး ကြောက်လွန်းလို့ ပူအိုက်နေတဲ့ကြားက စောင်ကို ခြုံထား မိတယ် ကုတင်ခြေရင်း ကိုလည်း မကြာမကြာ လှမ်းကြည့်နေမိတယ် ။ ကုတင်ဘေးတော့ မကြည့်ရဲဘူး ဆေးရုံ က တစ်ခုခု လိုက်လာတာကို မြင်လိုက်ရရင် ကျွန်တော် သေမှာလေ… ။
မနက်ခင်းရောက်တော့ ကျွန်တော်တို့ တိုင်ပင် ကိုက်ထားကြတဲ့အတိုင်း လူစုံ တက်စုံရောက်လာပြီး ရုံးခန်းထဲသွား လုပ်လက်စလေးတွေ အထက်လူကြီး မလာခင် အပြီးသတ် လုပ်နိုင်ခဲ့ကြတယ် ။ အားလုံးရဲ့ မျက်လုံးတွေကလည်း ကျွန်တော်တို့ ရုံးခန်းနဲ့ မျက်နာချင်းဆိုင်မှာ ရှိတဲ့ ‘ အစည်းအဝေးခန်းမ ’ နဲ့ ‘ ဧည့်ခန်း ’ ကို ဆက်ထားတဲ့ ကြားက ‘ အတွင်းခန်းလေး ’ ကို မကြာမကြာ လှမ်းကြည့်နေကြမိတယ် … ။
မကြာခင်မှာပဲ ရုံးခန်းလေးထဲမှာ ၀န်ထမ်းတွေ စုံလာကြတယ်လေ ၊ ထမင်းစားချိန် နားတော့ စားပြီးသောက်ြ ပီး ညက ကျွန်တော်တို့ လေးယောက်ကြုံခဲ့တာကို တစ်ခြား ၀န်ထမ်းတွေကို ပြန်ဖောက်သည်ချကြတယ်လေ ၊ သူတို့လည်းကြောက်လို့ ။
ကျွန်တော်တို့ ပြောတာကို နားထောင်နေတဲ့ ၀န်ထမ်းတွေထဲက ဒီရုံး မှာ နစ် အတော်ကြာ လုပ်ဖူးတဲ့
ကျွန်တော်တို့ အထက်က ဆရာ တစ်ယောက်က ပြောပြတယ် …….
“ မင်းတို့တွေ မနေ့ညက အခြောက်ခံထိတာ တစ်ခြားသူမဟုတ်ဘူး … ဆုံးသွားတဲ့ ‘ ကလေး ခွဲစိတ်ဆရာဝန်ကြီး ’ ပဲကွ ၊ မင်းတို့တွေ သူ့ကို မမှီလိုက်ကြဘူး ၊ သူဆုံးတာ အတော်ကြာပြီ ၊ တစ်ခါ တစ်လေ အဲ့ဒီလိုပဲ လုပ်ပြတတ်တယ်ကွ ။
ဆရာကြီးက သိပ် အစွဲအလမ်းကြီးတဲ့သူကွ ခွဲစိတ်တဲ့နေရာမှာလည်း အရမ်းတော်တဲ့ ပုဂ္ဂိုလ် ၊ နှမြောစရာကောင်းတာက သူ့ရဲ့ ဆေးရုံ အပေါ် ၊ အလုပ် အပေါ် စွဲလမ်း စိတ်ကြောင့် ဘယ်လောက် ကုသိုလ် လုပ်ပေးလုပ်ပေး မကျွတ်ရှာဘူး……..
သူ့မှာ အကျင့်တစ်ခု ရှိတယ်ကွ သူက သိပ်စည်းကမ်းကြီးတဲ့သူ အခန်းတစ်ခုတည်း သူဝင်လာမယ်ဆို
မ၀င်ခင် အရင်ဆုံး တံခါး သုံးချက်ခေါက်တတ်တယ် ပြီးမှ ၀င်လာတာလေ…. ” တဲ့ဗျာ ။
ကျွန်တော်တို့ ၀န်ထမ်း တစ်စုလည်း ဆရာကြီးပြောပြမှ ပိုပြီးကြောက်လန့်လာသလို ၊ ဆရာဝန်ကြီးကို သနားကရုဏာ သက်မိသလိုလို ခံစားလိုက်ကြရတယ် …. ။
ကဲ့ ခင်ဗျားတို့အခန်းဆီ ဆရာဝန်ကြီးက အလည်လာမယ်ဆိုရင်ရော …
မှတ်ထားနော် သူက အခန်းထဲ မ၀င်ခင် တံခါး သုံးချက် အရင် ခေါက်တတ်တယ်တဲ့ ….
“ ဒေါက် … ဒေါက် …ဒေါက် ”
~ မိုးစွေ ~
စာပြီးချိန် - 30.5.2017 ( 11 : 50 Pm )
စာပြီးချိန် - 30.5.2017 ( 11 : 50 Pm )
“ ဒေါက်...ဒေါက်...ဒေါက် ”
ဇာတ်လမ်း / စာရေးသူ - “ မိုးစွေ ” ( ဖြစ်ရပ်မှန် )
( စ - ဆုံး )
( စ - ဆုံး )
( အမှန် တစ်ကယ်ကြုံခဲ့သော သူ နေရာမှ ခံစား၍ ရေးသည်။
ဤဇာတ်လမ်းတွင် အမှန်တစ်ကယ် ပါဝင်ခဲ့သော ပုဂ္ဂိုလ်များ ၏ အမည်များကိုချန်လှပ်ထားပါသည် ။ )
“ ၀ါသနာအရ ရေးသားခြင်းဖြစ်သောကြောင့် အမှားအယွင်းရှိပါက ခွင့်လွှတ်ပေးစေလိုပါသည် ။
ဝေဖန်မှုများကို ကြိုဆိုပါသည် ။
ဝေဖန်မှုများကို ကြိုဆိုပါသည် ။
ဤဇာတ်လမ်းလေးကို ရေးသားခွင့်ပြုခဲ့သော Bro “ Hein Htet ” ကို ကျေးဇူးအထူးတင်ပါတယ် ခင်ဗျာ
အရင် “ Hein Htet’s Achit ” ဆိုတဲ့ fb အကောင့် ပိုင်ရှင် ညီလေးရေ ကျွန်တော် ရှာမတွေ့တော့လို့
ဒီစာလေးကို မြင်ရင် ကျွန်တော့်ကို ပြန်ဆက်သွယ်ပေးပါနော် ။
No comments:
Post a Comment