အစ္စရေး ရဲ့ မြို့တော်ကို ဂျေရုဆလင် ဟု အမေရိကန်က အသိအမှတ်ပြုကြောင်းနှင့် အမေရိကန် သံရုံး ကိုဂျေရုဆလင် သို့ပြောင်းရွှေ့မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ၏ကြေညာချက်သည် ကုလ သမဂ္ဂကြီးကိုရော၊ အစ္စလာမ် ကမ္ဘာကြီးကိုရော ပြင်းအားကြီး ငလျင်ကြီး လှုပ်ခတ်သွားစေသည့် အလားဖြစ်ခဲ့ ၏။ အစ္စလာမ်နိုင်ငံအချို့မှ ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ရာ . . . ထူးထူးခြားခြား အာဆီယံထဲမှ မလေးရှား ပင် စစ်ရေးအတွက် အဆင်သင့်ဖြစ်နေပါပြီဟု ထုတ်ဖော်လာခဲ့ရသည်အထိ ဂယက်ရိုက်သွားခဲ့၏။
(၂၁. ၁၂. ၁၇) တွင် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ သမ္မတထရမ့် ၏ ဂျေရုဆလင်ဆိုင်ရာ အဆိုနှင့် ပတ် သက်ပြီး မဲခွဲဆုံးဖြတ်ကြသည်။ ထရမ့် အနေဖြင့် သူ့ကြေညာချက်ကို ပြန်ရုပ်သိမ်းနိုင်ရန် အတွက်ဖြစ်သည်။ ထို မဲခွဲဆုံးဖြတ်မှုသည် ချုပ်နှောင်မှု မရှိသော၊ လိုက်နာရန် မလိုသော (Non-Binding Resolution) ဖြစ်သော် လည်း ကုလတွင် အင်အားစမ်းသပ်ခြင်းတစ်မျိုးဟု ဆိုရပါလိမ့်မည် ။ အမေရိကန်ကို ဆန့်ကျင် သည့် ဘက်မှမဲ သည် (၁၂၈) မဲရှိခဲ့ပြီး၊ ထောက်ခံမဲမှာ (၉) မဲဖြစ်ကာ၊ ကြားနေ (၃၅) မဲ ဖြစ်ခဲ့ပါ၏။
အမေရိကန်သမ္မတ၏ ဆောင်ရွက်မှုအပေါ် ဆန့်ကျင်သည့်မဲမှာ (၁၂၈) မဲဖြစ်နေသဖြင့်ယနေ့ အမေရိ ကန်သည် အများစု၏စိန်ခေါ်မှုကိုခံနေရချိန်ရောက်နေပြီလားဟု မေးခွန်းထုတ်စရာဖြစ်လာသည်။ သို့သော် လည်းအများစုမှာ အစ္စလာမ်နိုင်ငံများပါဝင်နေသည်ကိုသတိပြုကြရပါလိမ့်မည်။
ကြိုတင်ဖိအားနိုင်ငံရေး ကစားမှုများ
ကုလ အရေးပေါ် အထွေထွေညီလာခံတွင် မဲမခွဲမီ၌ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး နစ်ကီဟာလေ က၊ အမေရိကန်ကို ဆန့်ကျင်ဘက်ပြုသောနိုင်ငံများကို ဒဏ်ခတ် အရေးယူမှုများပြုလုပ်သွား မည်ဟု ဖိအားပေးခဲ့သည်။ ထရမ့်၏ အင်တာဗျူးတစ်ခုတွင်လည်း နစ်ကီဟာလေ ပြောကြားခဲ့သလို ဟုတ်ပါသ လား . . . ဟူသောမေးခွန်းအတွက် ထရမ့်ကလည်း တက်တက်ကြွကြွပင် . . .
“ဟုတ်ပါတယ်...နစ်ကီဟာလေ ပြောတဲ့အတိုင်းပါပဲ၊ မဲခွဲရာမှာ အမေရိကန်ကို ဆန့်ကျင်တဲ့နိုင်ငံတွေ အားလုံးကို တုံ့ပြန် အရေးယူဆောင်ရွက်သွားမှာ အသေအချာပါ။” . . . ဟု အတည်ပြုခဲ့သည်။
တူရကီ သမ္မတ အာဒိုဂန် ကမူ . . .
“ တူရကီ တို့ရဲ့ ဒီမိုကရေစီ ဆိုတာ အမေရိကန်ကို ရောင်းချဖို့မဟုတ်ပါဘူး၊ တူရကီကို အမေရိကန်ဝယ် လို့ မရဘူး” . . . ဟု ကမ္ဘာကြီးကို ကြေညာခဲ့သည်။
ယခု ကုလသမဂ္ဂတွင် ဂျေရုဆလင်အပေါ် အစ္စရေး၏မြို့တော်ဟုအသိအမှတ်ပြုမှုကို နိုင်ငံပေါင်း (၁၂၈) နိုင်ငံကဆန့်ကျင်ခဲ့ကြပါ၏။ ဂျေရုဆလင်ကို အစ္စရေး၏ မြို့တော်ဟု အသိအမှတ်ပြုခဲ့သူမှာ ထရမ့် တစ်ဦးတည်း တော့မဟုတ်ချေ။ အနီးစပ်ဆုံး သမ္မတ များကိုထောက်ပြရလျှင် ထရမ့်ရှေ့က အိုဘားမား သည် လည်းကောင်း၊ ဘီလ်ကလင်တန် သည် လည်းကောင်း အသိအမှတ်ပြုခဲ့ကြသူများ၊ ထုတ်ဖော်ပြောကြားခဲ့ကြ သူများဖြစ်ပါသော်လည်း အဘယ့်ကြောင့် ထရမ့်လက်ထက်ကျမှ ယခုကဲ့သို့ပွက်လောညံခဲ့ကြပါသလဲ ?
ထရမ့်၏ ဆောင်ရွက်မှုများ၊ မိန့်ခွန်းများသည်သူ့နောက်ခံ အရပင် လူထုကို ပို၍အာရုံစိုက်စေခဲ့၏။ ပံ့ပိုးလိုက်သည့်အရာမှာ. . . အမေရိကန်သံရုံးကို တယ်အဘီ မှ ဂျေရုဆလင် သို့ရွှေ့ပြောင်းမည်ဟူသော အချက် ဖြစ်လာပါ၏။